ဆယ်တန်းပြီးရင် ပထမဆုံးတောင်းသင့်တဲ့ လက်ဆောင်က ဘာဖြစ်မလဲ

ဆယ်တန်းပြီးရင် ပထမဆုံးတောင်းသင့်တဲ့ လက်ဆောင်က ဘာဖြစ်မလဲ

ဟိုတလောကမှ ဆယ်တန်းစာမေးပွဲတွေလည်း ဖြေပြီးသွားပြီဆိုတော့ မောင်လေးတွေ ညီမလေးတွေကို လက်ဆောင်တွေဝယ်ပေးဖို့ စောင့်နေတဲ့ ဆွေတော်မျိုးတော်တွေ ရှိနေမှာပါ။ ဒီတော့ ဆယ်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ လက်ဆောင်တောင်းရင် Laptop ကောင်းကောင်းလေးတစ်လုံး မဟုတ်ရင်လည်း Macbook လေးဖြစ်ဖြစ်တောင်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့

တက္ကသိုလ်တက်ရင် လိုလာတော့မှာမို့လို့
ဆယ်တန်းအောင်သွားပြီးရင် အားလုံးတက္ကသိုလ်တွေဆက်တက်ကြမှာပဲလေ။ တက္ကသိုလ်တက်ရပြီဆိုရင် Laptop တစ်လုံးလောက်ကတော့လိုကိုလိုပါပြီ။ ဘာလို့လဲဆိုတော့ တက္ကသိုလ်ရောက်ရင် Assignment တွေရေးရပါမယ်။ တချို့တက္ကသိုလ်တွေမှာက ကွန်ပျူတာနဲ့ရိုက်ထားတာကိုပဲတင်ရတာတွေရှိတယ်။ ဒီတော့ Assignment တွေရေးရင် ဆယ်တန်းတုန်းကလို လက်ညောင်းခံပြီးရေးစရာ မလိုတော့ပါဘူး။ Laptop လေးနဲ့ပဲရိုက်လိုက်ရုံပဲ။ Format တွေ ဘာတွေညာတွေနဲ့ ဆရာမတွေကြိုက်တဲ့ပုံစံအတိုင်း စာရိုက်ပြီးတင်ရမှာမို့ Laptop က ရှိကိုရှိနေမှ ရမယ့်အရာဖြစ်ပါတယ်။

အခြေခံကွန်ပျူတာအသုံးပြုနည်းတွေကို လေ့လာနိုင်ဖို့ပါ
ကျွန်ပျူတာကိုအခြေခံသင်ပြီးတဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ် ၊ မသင်ရသေးတဲ့သူတွေလည်း ရှိနိုင်တာကြောင့် ကွန်ပျူတာကို ကလိဖို့ဆိုရင် လက်ထဲမှာတစ်လုံးရှိနေမှရမှာပါ။ ပြီးတော့ ဒီခေတ်ကြီးမှာ ကွန်ပျူတာမသုံးတတ်ရင် အဆင်မပြေဘူးလေ။ ကိုယ့်မှာကိုယ်ပိုင်တစ်လုံးရှိနေရင် ကိုယ့်ဟာကိုယ် လက်တည့်စမ်းပြီး တတ်သွားနိုင်တဲ့ဟာတွေလည်း အများကြီးရှိတာကြောင့်ပါ။

လုပ်ငန်းခွင်ဝင်ရင်အသုံးပြုရအောင်
လုပ်ငန်းခွင်ဝင်ရင် အရာရာကို Laptop နဲ့ပဲလုပ်ပါတယ်။ များသောအားဖြင့် အလုပ်တော်တော်မာျးများက Laptop ပေးပေမယ့် ကိုယ့်အိမ်ကိုအလုပ်သယ်ရတဲ့ရက်တွေဆိုရင် Laptop လေးရှိနေမှ အဆင်ပြေမှာလေ။ ပြီးတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရင်း Freelancer လုပ်မယ်ဆိုရင်လည်း Laptop ကလိုလာမှာမို့လို့ ဝယ်ထားသင့်ပါတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင်ဖျော်ဖြေရေးစက်လေးအဖြစ်အသုံးပြုဖို့
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Laptop ရှိနေတာက ကိုယ့်ရဲ့ကိုယ်ပိုင် Happy World လေးရှိနေသလိုပါပဲ။ Laptop လေးနဲ့ရုပ်ရှင်လည်းကြည့်လို့ရတာမို့ အိမ်ကကောင်တွေနဲ့ Remote လုစရာမလိုတော့ပါဘူး။ ပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ Photoshop တို့ Animation ဆွဲတာတို့ကိုလေ့လာချင်ရင် Laptop ရှိတော့ ပိုပြီးအဆင်ပြေတာပေါ့။

အားလုံးခြုံပြီးပြောရရင် Laptop က နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ နည်းမျိုးစုံနဲ့အသုံးချနိုင်တဲ့အရာကို လူကြီးတစ်ယောက်ဖြစ်လာတော့မှာဖြစ်တဲ့ ကိုယ်ကိုယ်တိုင် ကိုင်တွယ်ခွင့်ရသင့်နေပြီလို့လည်း ထင်ပါတယ်။ ဒါကြောင့် Laptop မရှိသေးပါဘူးဆိုတဲ့ မောင်လေးတို့ ၊ ညီမလေးတို့ရှိရင် Laptop ပဲ ပူဆာလိုက်ပါ။

Piki (Akhayar)