ဝိတ်ကျစေတဲ့ ဖရဲသီး Diet ဆိုတာ ဘယ်လိုမျိုးလဲ သိကြလား

ဝိတ်ကျစေတဲ့ ဖရဲသီး Diet ဆိုတာ ဘယ်လိုမျိုးလဲ သိကြလား

နွေရာသီပူပူလောင်ကြီးမှာ အပြင်ကနေပြန်လာရင် ရင်ကို အေးမြသွားပြီး လန်းဆန်းသွားအောင် စားပေးလို့ရတဲ့ နွေရာသီစာလေးဖြစ်တဲ့ ဖရဲသီးကို လူတော်တော်များများ ကြိုက်ကြမယ်လို့ ထင်ပါတယ်။ တချို့လူတွေရဲ့ အကြိုက်ဆုံးအသီးက ဖရဲသီးဖြစ်နေတာမျိုးတောင် ရှိပါသေးတယ်။ ဖရဲသီးကြိုက်တဲ့သူတွေ ဖရဲသီးကို ဘယ်လိုကြိုက်ကြလဲဆိုတာ သိကြလား။ဖရဲသီးဟာ အရသာရှိသလို စားလိုက်တာနဲ့ လူကိုအေးမြသွားပြီး ရေဓာတ်လည်းဖြည့်ပေးကာ အာဟာရလည်းဖြစ်စေတဲ့အတွက်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်စားကြတာပါ။ ဒါ့အပြင် ဖရဲသီးဟာ နွေရာသီမှာ စားပေးဖို့ အသင့်တော်ဆုံး အသီးဖြစ်သလို လူတွေသိပ်မသိသေးတဲ့ အားသာချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ဖရဲသီးကို ဝိတ်ချဆေးအဖြစ်နဲ့ အသုံးပြုလို့ ရတာပါပဲ


နည်းမျိုးစုံသုံးပြီး ဝိတ်ချဖူးလို့ ဝိတ်မကျတဲ့သူတွေ ရေဓာတ်ပြည့်တဲ့ ဖရဲသီးကိုစားပြီး ဝိတ်စမ်းချကြည့်ပါ။ ဒီလိုဖရဲသီးစားပြီး ဝိတ်ချလို့ရတယ်ဆိုတဲ့ သတင်းဟာ ဖရဲသီးကို အသေအလဲကြိုက်တဲ့သူတွေအတွက် တကယ့်ကို သတင်းကောင်းပါပဲ။ ဖရဲသီးကိုစားပြီး ဘယ်လိုဝိတ်ချရမလဲဆိုတာ ဆက်ပြောပြပေးမယ်မို့ ကြည့်ကြည့်လိုက်ကြရအောင်နော်။

ဖရဲသီးကို အသုံးပြုပြီး ဝိတ်ချတဲ့နည်းတွေကတော့ အမျိုးမျိုးရှိပေမယ့် အခုပြောပြပေးမယ့် နည်းလမ်းကတော့ လွယ်ကူတဲ့နည်းလမ်းလေးဖြစ်လို့ ဘယ်သူမဆို လွယ်လင့်တကူ လိုက်လုပ်ကြည့်လို့ရပါတယ်။

အခုပြောပြပေးမယ့်နည်းလမ်းမှာဆိုရင် ပထမဆုံးအဆင့်မှာ တခြားဘာမှမစားဘဲ ဖရဲသီးကိုပဲ တစ်နေကုန် စားပေးရမှာပါ။ အဲ့ဒီလို တစ်နေကုန်စားတာကို သုံးရက်ဆက်တိုက် လုပ်ပေးရမှာပါ။ တစ်နေကုန် ဖရဲသီးကြီးပဲစားတဲ့အခါမှာ ဖရဲသီးအကြီးစားတစ်လုံးလောက် စားပေးရင် လုံလောက်ပါတယ်။ ပထမအဆင့်ပြီးသွားရင်တော့ ပုံမှန်ဝိတ်ချတဲ့အတိုင်း ပြန်စားလို့ရပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ တစ်နေ့ကို ပုံမှန် ထမင်းနှစ်ကြိမ်စားရင် အဲ့အတိုင်းပြန်စားပြီး ဖရဲသီးကို သရေစာအနေနဲ့ ထည့်စားပေးပါ။ ပုံမှန်အတိုင်း ထမင်းနှစ်ကြိမ်စားတဲ့အခါမှာ ပိန်ချင်ဇောအားကြီးပြီး အာဟာရမရှိတာတွေကို ရွေးမစားပါနဲ့နော်။ အာဟာရရှိတာလေးတွေ ပါအောင် စားပေးပါနော်။

ဒီလိုစားပြီး ဝိတ်ချပေးတဲ့နည်းလမ်းကလူတိုင်းလိုက်လုပ်ဖို့ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားဝိတ်ချနည်းတွေလိုမျိုး ရက်အရှည်ကြီး မပျက်မကွက်လိုက်လုပ်ရတာမျိုးမရှိဘဲ ပုံမှန်လေးလုပ်ရုံနဲ့ ထိရောက်စေလို့ပါ။ ဒါ့အပြင် ဖရဲသီးကိုစားတာဟာ တခြားအသီးအနှံတွေ စားသလိုမျိုး ကယ်လိုရီတွေ အများကြီးမတက်စေဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ Antioxidant ဓာတ်တွေကိုပါ ဖြည့်ပေးလို့ ကျန်းမာရေးနဲ့ အသားအရေကိုလည်း ကောင်းကျိုးဖြစ်စေပါတယ်။ ဒါ့အပြင် ဖရဲသီး Diet ဟာ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ် (၉၀) ရာခိုင်နှုန်း ပါဝင်တဲ့အတွက်ကြောင့်ပါ။

ဘယ်အရာမှာမဆို ကောင်းကျိုးနဲ့ဆိုးကျိုး အတူတွဲနေတာမို့လို့ ဖရဲသီး Diet မှာလည်း ဒီလို Side Effect လေးတွေ ရှိပါသေးတယ်။ ဖရဲသီးတစ်မျိုးတည်းကိုပဲစားပြီး ဝိတ်ချတဲ့အခါမှာ ကျန်းမာအောင်ရှင်သန်နေထိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်းဓာတ်နဲ့ အဆီဓာတ်တွေ ချိုတဲ့စေတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်မို့ ဖရဲသီး Diet ကို လုပ်တဲ့အချိန်မှာ ကျန်းမာရေးပြဿနာတစ်စံုံတစ်ရာဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ သွားရောက်ပြသတိုင်ပင်သင့်ပါတယ်။ ဒီ Diet ကိုမလုပ်ခင် ကိုယ်မှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိရင် ဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဖရဲသီး Diet ဟာ တခြားနာမည်ကြီး Diet နည်းတွေထက်စာရင် ဝိတ်ကို အလျင်အမြန်ကျစေပါတယ်။ ဖရဲသီးကိုစားပြီး ဝိတ်ချတဲ့အခါမှာ ဆာလောင်မှုကို ထိန်းချုပ်ပေးပြီး အစာစားချင်စိတ်ကို လျော့ချပေးပါတယ်။ ဒါပေမယ့် ကျန်းမာရေးပြဿနာရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆီးချိုသမားတွေနဲ့ အဝလွန်နေတဲ့ ကလေးတွေကေတော့ ဒီ ဖရဲသီး Diet ကို လိုက်မလုပ်ကြည့်သင့်ပါဘူးနော်။ ဖရဲသီး Diet ကို လုပ်မယ်ဆိုရင် ဖရဲသီးကြီးပဲ စားတာမျိုးမလုပ်ဘဲ ကျန်းမာစေတဲ့ ပရိုတိန်းဓာတ်တွေ၊ အဆီတွေနဲ့ ကာဘိုဟိုက်ဒရိတ်တွေ ညီညွတ်မျှတအောင် ထည့်သွင်းစားသုံးပေးဖို့ လုံးဝမမေံပါနဲ့။


ဖရဲသီး Diet ကို လိုက်လုပ်ကြည့်ပြီး အဆီကျလှပကာ မြင်သူတကာငေးလောက်တဲ့ ခန္ဓာကိုယ်သွယ်သွယ်လေးတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကဲအခုချိန်ကစပြီး ဖတ်ပဲဖတ်တာမျိုး မလုပ်ဘဲ စမ်းလုပ်ကြည့်ပြီး အကျိုးထူးမထူး ပြန်ပြောပေးကြပါဦးနော်။

Photo Credit: Healthline , Good Housekeeping ,

H.H(Akhayar)