လုပ်ငန်းခွင်မှာ စိတ်မပျော်ရွှင်တော့တဲ့အခါ ဘာလုပ်ကြမလဲ

လုပ်ငန်းခွင်မှာ စိတ်မပျော်ရွှင်တော့တဲ့အခါ ဘာလုပ်ကြမလဲ

အလုပ်တစ်ခုမှာ လုပ်နေရင်းနဲ့ စိတ်မပျော်ဖြစ်လာတယ်ဆိုတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ လူဆိုတာငြီးငွေ့တတ်တာပဲလေ။ ဘယ်အရာကိုမှ အကြာကြီးဆက်တိုက်မလုပ်နိုင်ပါဘူး။ ကိုယ်ရဲ့အလုပ်ရှင်ကို သဘောမကျတာ ၊ ကိုယ့်ရဲ့အထက်လူကြီးနဲ့ အဆင်မပြေတာ ၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြောမတည့်တာ ၊ ဒါတွေအားလုံးက ဖြစ်လေ့ဖြစ်ထရှိတာတွေပါပဲ။ ထပ်ပြောရမယ်ဆိုရင် အလုပ်တစ်ခုကို တကယ်ဝါသနာမပါဘဲနဲ့ ဝင်ငွေရဖို့အတွက်သက်သက်လုပ်နေတာတွေတောင် ရှိတာပဲလေ။ တစ်ခါတစ်လေမှာ ဒီလိုပြဿနာတွေကြုံရတဲ့အခါမှာ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာကလည်း အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ ပြောနေကြအတိုင်းပြောရရင် အကောင်းမြင်တဲ့စိတ်လေးထားလို့ပဲ ပြောရမှာပါပဲ။

ဒီလိုလုပ်ငန်းခွင်မှာ စိတ်မပျော်တော့တဲ့အချိန်တွေ ကြုံတွေ့လာတဲ့အခါ ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိတာပေါ့လေ။ ဥပမာ ပြောရရင်

အလုပ်နဲ့ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း မှတ်စုလေးထားထားတာ
လုပ်ငန်းခွင်မှာမပျော်ရွှင်တာတွေ ဖြစ်နိုင်ပေမယ့် အရာအားလုံး မပြေမလည်ဖြစ်နေတာမျိုးဆိုတာတော့ မရှိလောက်ပါဘူး။ တစ်နေ့တာလုံးရဲ့ အခိုက်အတန့်လေးတစ်ခုမှာတော့ ပျော်လိုက်ရတယ် ၊ စိတ်အေးသွားတယ်ဆိုတာတော့ ရှိမှာပဲလေ။ ဒီတော့ ကိုယ်အလုပ်လုပ်နေတုန်းမှာ ဖြစ်ပျက်သမ ျှ ကောင်းတဲ့အရာလေးတွေကို အသေးအမွှားလေးကအစ မှတ်စုထဲမှာ ဒီအခိုက်အတန့်လေးတွေအတွက် ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို မှတ်ထားလိုက်ပါ။ ဒါဆိုရင် ကိုယ်အရမ်းစိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ရဲ့ပျော်စရာအခိုက်အတန့်လေးတွေကို ပြန်ဖတ်ပြီး သြော်……ငါ့အဖြစ်က အဲဒီလောက်မဆိုးသေးပါလားဆိုတဲ့ စိတ်လေးနဲ့ဖြေသိမ့်လို့ရတာပေါ့။

ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာကိုပဲလုပ်ပါ
တစ်ခါတစ်လေမှာ စိတ်မပျော်တာတွေဖြစ်တဲ့အကြောင်းအရင်းတွေထဲမှာ အလုပ်တွေပိနေတာတွေလည်းပါတတ်ပါတယ်။ ကိုယ့်မှာအလုပ်တွေအရမ်းများနေတဲ့အခါမျိုးမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အကူအညီတောင်းဆိုလာတိုင်း အားနာပြီးလုပ်ပေးမယ်လို့ ပြောစရာမလိုပါဘူး။ တစ်ခါတစ်လေမှာ “No” ဆိုတာကိုပြောတတ်ဖို့လိုပါတယ်။ ပြီးတော့ကိုယ့်ရဲ့အလုပ်ရှင်ကို အထင်ကြီးစေချင်လို့ အလုပ်တွေများနေတဲ့ကြားထဲက အလုပ်ရှင်ကအလုပ်တွေထပ်ပေးတာနဲ့ပဲ အားလုံးခေါင်းငြိမ့်လက်ခံတာမျိုးတွေလည်း လုပ်စရာမလိုပါဘူး။ ဘယ်အလုပ်ကိုအရင်ပြီးအောင် ဦးစားပေးလုပ်ပေးရမလဲဆိုတာမျိုး ၊ အလုပ်တွေပုံနေပြီမို့ တခြားတစ်ယောက်ကိုပြောင်းပြီး တာဝန်ပေးဖို့ဆိုတာမျိုး ပြန်ပြီးဖြေရှင်းပြောဆိုတတ်ဖို့လည်း လိုပါတယ်။ လုပ်ငန်းခွင်မှာစိတ်ပျော်ဖို့က ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့လိုပါတယ်။

အလုပ်နဲ့ဘဝကို တစ်ပြေးညီထဲ ရှင်သန်နေထိုင်ပါ
လူတွေကလုပ်ငန်းခွင်ထဲဝင်သွားတဲ့အခါမှာ စက်ရုပ်ကြီးတွေလို အလုပ်သမားတွေဖြစ်သွားကြတယ်။ မနက်မိုးလင်းအိပ်ရာထရုံးသွားညအိမ်ပြန်ဆိုတဲ့ စက်ဝိုင်းကြီးထဲကို လုံးဝပုံသေရောက်သွားကြတယ်။ ဘဝကရှင်သန်နေတာမဟုတ်တော့ဘဲ အသက်ရှူနေရုံသက်သက်လို ဖြစ်လာကြတယ်။ ဒီအဖြစ်က တွေးမိရင် လူကိုအရမ်းစိတ်ဆင်းရဲစေတယ်။ ဒီတော့အလုပ်ကြီးပဲလုပ်နေတာမဟုတ်ပဲ ရုံးဆင်းလို့ ကော်ဖီဆိုင်ဝင်ချင်ဝင်လိုက်ပါ ၊ ရုပ်ရှင်ညကားသွားကြည့်ချင်ရင် သွားကြည့်လိုက်ပါ ၊ မိသားစုနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ညစာသွားစားရင်စားလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကိုယ်ဆိုတဲ့လူက အလုပ်ကိုပဲလုပ်နေတဲ့စက်ရုပ်ကြီးသက်သက်မဟုတ်ပဲ ၊ ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းနေတဲ့ လူသားတစ်ယောက်ဆိုတာကို ပြန်ပြီးခံစားရစေမှာပါ။

အဆိုးတွေကတော့ဖြစ်မှာပါပဲ။ ဘဝဆိုတာပန်းခင်းလမ်းမှ မဟုတ်တာ။ အလုပ်မှာမပျော်မွေ့တိုင်းငြီးငြူပြီး ဇောတကတက်နေရမယ်ဆိုရင် တစ်သက်လုံးအလုပ်ရတော့မှာလည်း မဟုတ်ပါဘူး။ ဘယ်အလုပ်မှအရမ်းအဆင်ပြေနေတယ်ဆိုတာမှ မရှိတာကိုး။ ဒါကြောင့်အဆင်မပြေမှုတွေကြုံလာတဲ့အခါ စိတ်ဓာတ်မကျဘဲ ၊ နောက်တစ်ခေါက်မှာ ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတွေးပြီးတော့ပဲ အကောင်းမြင်ပြီးဖြတ်သန်းလိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

Piki (Akhayar)