သင်္ကြန်တွင်း ဖုန်းရေစိုသွားပြီဆိုရင်

သင်္ကြန်တွင်း ဖုန်းရေစိုသွားပြီဆိုရင်

သင်္ကြန်မှာ ဖုန်းရေစိုသွားတယ်ဆိုတာ သင်္ကြန်အိပ်မက်ဆိုးတွေထဲက တစ်ခုပါပဲ။ သင်္ကြန်ဖုန်းရေစိုမယ်၊ ယူမသွားနဲ့ဆိုတော့လည်း တစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်သွယ်ရေးအရရော၊ သင်္ကြန်ပုံရိပ်တွေမှတ်တမ်းတင်ချင်တာကြောင့်ရော မပါမဖြစ်ဖြစ်နေပြန်ရော။

သင်္ကြန်မှာ ဖုန်းကျနိုင်တဲ့ အကြောင်းအမျိုးမျိုးနော်၊ ရှုးပေါက်ရင်းလည်း အိမ်သာထဲ ကျနိုင်တယ်။ ဒီတိုင်းဖုန်းရေစိုခံအိတ်ထဲ ထည့်ထားရင်း အသွင်းအထုတ်မှာ ရေငွေ့ရိုက်လို့ ဖြစ်ဖြစ်၊ ပျက်တတ်ပါသေးတယ်။ ဘယ်လိုပဲ ပျက်ပျက် ရေထိသွားပြီဆိုတာနဲ့ Mini Heart Attack လေးရလိုက်သလို ရင်ထဲအောင့်နေတာပါပဲ။ ဒါကြောင့် ဖုန်းရုတ်တရက်ရေစိုသွားပြီဆိုရင်…

၁။ ရေထဲက ချက်ချင်းထုတ်ပါ
ဘယ်သူက ချက်ချင်းမထုတ်ပဲ နေမှာလဲလို့ ပြောမှာ သိပါတယ်နော်။ ပြောချင်တာက သူငယ်ချင်းမူးနေတုန်း သူ့ဖုန်းရေထဲကျသွားတာ ဖြစ်ဖြစ် ဂျက်လီလို သွက်လက်၊ ဂျက်ကီချန်းလို လျင်မြန်ပြီး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ကောက်ပေးဖို့ပါပဲ။ အဲဒီအချိန်မှာ တစ်စက္ကန့်ဆိုတဲ့ ပမာဏကအစ အရေးကြီးပြီး ရေဘယ်လောက်စိုမစိုဟာ ဖုန်းဘယ်လောက်ပျက်စီးသွား၊ မသွားနဲ့ ဆက်စပ်ပါတယ်။

၂။ Power ချက်ချင်းပိတ်လိုက်ပါ
ရေထိထိချင်း တချို့ ဖုန်းတွေက Power ပိတ်မသွားပါဘူး။ အဲဒီအချိန်ဆို နောက်ကိစ္စနောက်ရှင်း ဖုန်းကို ချက်ချင်း ပါဝါပိတ်ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်း ဖုန်းဘက်ထရီကို ဆွဲဖြုတ်လိုက်ပါ။ ဒါဟာ Short Circuiting ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၃။ Battery ဖြုတ်လို့ ရတဲ့ ဖုန်းဆို Battery ဖြုတ်ပါ
iPhone တွေရယ်၊ ခုနောက်ပိုင်းလာတဲ့ ဖုန်းတွေကတော့ ဘက်ထရီဖြုတ်မရတာ များပါတယ်။ ဒါပေမယ့် ဘက်ထရီဖြုတ်လို့ ရတဲ့ ဖုန်းဆိုရင်တော့ ဖြုတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

၄။ SIM Card ၊ Memory Card စတာတွေလည်းဖြုတ်ပါ
ဖုန်းရေစိုပြီဆိုရင် ကာဗာတွေ ဖြုတ်ဖို့ လိုသလို SIM Card နဲ့ Memory Card စတာတွေလည်း ဖြုတ်ထားသင့်ပါတယ်။ ဒါမှ Slot တွေထဲ ရေဝင် မဝင်စစ်လို့ ရသလို SIM Card နဲ့ Memory Card တွေကိုလည်း Microfiber အစနဲ့ ပြန်ခြောက်သွေ့လို့ ရမှာပါ။

၅။ ဆန်အိုး၊ ဆန်ခွက်ထဲ ထည့်ပါ ဒါမှမဟုတ် ရေစုတ်နိုင်တဲ့ အိတ်လေးတွေနားမှာ ထည့်ပါ
လူကြီးတွေက ဖုန်းရေစိုရင် ဆန်အိုးထဲထည့်ဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူး။ ဖုန်းနဲ့ ဆက်စပ်အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ဆန်ပုံးထဲ နှစ်ရက်လောက် ထည့်ထားပေးပါ။ ဒီလို ဆန်အိုး၊ ဆန်နဲ့ ပတ်သက်တာ မရှိဘူးဆိုရင်လည်း ကြောင်အညစ်အကြေးစွန့်တဲ့နေရာမှာ သုံးတဲ့ Cat Litter တို့၊ Silica Gel Bag တို့ နားမှာ ထားပေးပါ။

၆။ Service Center ကို ပို့ပါ
ဖြစ်နိုင်ရင်တော့ မူရင်း Service Center ကို ပြပြီး ဘာဖြစ်သလဲ စစ်ခိုင်းတာ အကောင်းဆုံးပါပဲ၊ မရတော့လည်း နီးစပ်ရာ ပြင်ဆိုင်သွားပေါ့။ အဲဒီလို တတ်ကျွမ်းတဲ့သူကို ပြင်ခိုင်း၊ စစ်ခိုင်းတာက ပိုကောင်းပါတယ်။

၇။ ကိုယ့်ဘာသာ ဖွင့်ချင်တယ်ဆိုရင်တော့
ပြင်ဆိုင်လည်း မသွားနိုင်၊ ပိုက်ဆံလည်း အကုန်မခံချင်၊ ကိုယ့်ဘာသာ ကလိချင်တယ်ဆိုရင်တော့ အနည်းဆုံး ဖုန်းကို ၂ ရက်လောက် အခြောက်ခံပြီးတော့မှ ပါဝါဖွင့်ကြည့်စေချင်ပါတယ်။ ဒါတောင်မှ ကောင်းတာ မကောင်းတာ ပြောနိုင်တဲ့အတွက် မကောင်းသူထိပ်၊ ကောင်းသူထိပ် ကိုယ့်စိတ်နဲ့ ကိုယ်ပဲ တာဝန်ခံပြီး ဖွင့်ကြပါလို့ ပြောချင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com
Source: Brightside.me