ရည်းစားဟောင်းနဲ့သူငယ်ချင်းပြန်လုပ်ဖို့ဘာကြောင့်မကြိုးစားသင့်တာလဲ

ရည်းစားဟောင်းနဲ့သူငယ်ချင်းပြန်လုပ်ဖို့ဘာကြောင့်မကြိုးစားသင့်တာလဲ

ပထမဆုံးပြောချင်တာက အောလီတွေမလုပ်ပါနဲ့ဆိုတာပါပဲ။ ရည်းစားဟောင်းနဲ့သူငယ်ချင်းပြန်လုပ်တာကလေ Bad Move Dude, Bad Move! ရည်းစားဟောင်းနဲ့သူငယ်ချင်းလုပ်တိုင်းမကောင်းဘူးလို့ တသမတ်ကြီးမပြောချင်ပေမယ့် ဘာလို့မလုပ်သင့်တယ်ဆိုတဲ့အကြောင်းပြချက်ကောင်းတွေရှိတယ်။ ပြောရရင်ကွာ ရည်စားဟောင်းနဲ့သူငယ်ချင်းမလုပ်သင့်တဲ့အကြောင်းက

ကိုယ့်ရဲ့လက်ရှိရည်စားကိုလေးစားသင့်တာကြောင့်
ဟုတ်တယ်။ ဘယ်ရည်စားမှကိုယ့်ကောင်လေး (သို့) ကောင်မလေးက အရင်ရည်စားနဲ့ရင်းရင်းနှီးနှီးသူငယ်ချင်းဖြစ်နေတာတောင်မပြောနဲ့ မေးထူးခေါ်ပြောလုပ်ရင်တောင် ရင်ထဲမှာတစိမ့်စိမ့်ခံစားရတယ်။ ကိုယ့်ရဲ့ရည်းစားကိုကိုယ်ပဲစကားပြောချင်တယ် ၊ ကိုယ်ပဲရင်းနှီးချင်တယ် ၊ ကိုယ်ပဲခင်ချင်တယ် ၊ ချစ်ချင်တယ်။ ဒါကရည်းစားတိုင်းခံစားရတဲ့ခံစားချက်ပဲ။ ကိုယ့်ရည်းစားက Ex နဲ့သူငယ်ချင်းပါဆိုပြီး သူငယ်ချင်းတွေလုပ်တဲ့အပြင်သွားတာ ၊ ရုပ်ရှင်ကြည့်တာ ၊ လျှောက်လည်တာတွေလုပ်မယ်ဆိုရင် မကြေကွဲဘဲနေပါ့မလား။ စဉ်းစားကြည့်ကြပေါ့။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိရည်းစားရဲ့ခံစားချက်ကို မြေမှုန့်လေးလောက်သာနားလည်နိုင်မယ် ၊ သူ့ကိုလေးစားမယ်ဆိုရင် အရင်ရည်းစားနဲ့ Let’s Be Friends အကွက်တွေမခင်းသင့်ပါဘူး။

Move On လုပ်နိုင်ဖို့လိုတာကြောင့်
ကိုယ်ကရည်းစားနဲ့ပြတ်သွားတယ်ထားပါတော့။ အသဲတွေကွဲပြီးခံစားနေရတယ်ပေါ့။ အဲဒီအချိန်မှာဟိုကလည်း သူငယ်ချင်းလိုပဲနေရအောင်နော်လို့ပြောလာတော့ ကိုယ်ကလည်းအေးပေါ့။ အဲ့မှာသူ့အခွက်ကြီးကိုမမြင်ချင်လည်းမြင်နေရမှတော့ ဘယ်နယ့်လုပ်ပြီးမေ့လို့ရမှာလဲ။ ဒီလူကကိုယ်နဲ့တစ်ခန်းရပ်သွားပြီဟာကို သူကနောက်အခန်းတွေမှာလိုက်ပါနေမှတော့ ကိုယ်ကဘယ်လိုလုပ်ရှေ့ဆက်လို့ရမှာလဲ။ သူ့မျက်နှာကိုမြင်နေရသရွေ့အတိတ်တွေကိုပဲ သတိရနေတော့မှာပေါ့ မဟုတ်ဘူးလား။ ဒါကြောင့် Ex ကြီးကိုထားခဲ့ပြီး ဘဝကိုအသစ်ပြန်စချင်ရင် သူငယ်ချင်းလုပ်ရအောင်လို့ပြောလာတာနဲ့ ပါးစပ်ကိုတိတ်နဲ့ပိတ်ပေးလိုက်ပြီး လှည့်ထွက်ခဲ့ပါ ချိဖ ချိမတို့။

ပြန်ပြီးသံယောဇဉ်တယ်သွားနိုင်လို့
ဒါကတော့အဆိုးဆုံးပဲ။ ကိုယ်ကသူနဲ့ပြတ်ပြီးရည်းစားသစ်ရနေပြီဆိုခါမှ သူကသူငယ်ချင်းလုပ်ချင်လာတယ်။ အားနာလို့လက်ခံလိုက်တယ်ပေါ့ အဲဒီမှာတစ်ဆင့်ထပ်တက်ချင်လာတယ်ဆိုပြီး အရိပ်တွေလာပြနေရင် ကိုယ့်အတွက်လည်းမကောင်းဘူး သူ့အတွက်လည်းမကောင်းဘူး။ ကိုယ်ကသံယောဇဉ်ပြန်မတွယ်ဘူးဆိုရင်တောင် သူ့ဖက်ကမဟုတ်တဲ့စိတ်တွေထားလာရင် နောက်ဆုံးမှာဒုက္ခနဲ့လှလှတွေ့ကုန်လိမ့်မယ်။ ဒါကြောင့်မို့လို့ Ex ကြီးကို Friend ဆိုတဲ့ဇယားထဲမှာ မသွင်းတာကောင်းပါတယ်။

သူငယ်ချင်းလုပ်စရာကိုမလိုတာကြောင့်
ဟုတ်တယ်လေ။ ကိုယ့်မှာတခြားသူငယ်ချင်းတွေပေါသောနေတာပဲ။ ကိုယ့်ရဲ့အဆက်ဟောင်းကြီးနဲ့သူငယ်ချင်းလုပ်ရအောင်လည်း ကိုယ်ကအထီးကျန်နေတာမှမဟုတ်တာ။ ကလေးတွေရခဲ့လို့ ၊ လုပ်ငန်းတူတူတွဲလုပ်ခဲ့လို့တို့ဘာတို့ကြောင့်ဆိုရင် တစ်မျိုးပေါ့နော်။ ခုဟာကသူနဲ့ပတ်သက်စရာဘာဆိုဘာမှအကြောင်းမရှိတော့ဘူးလေ။ ဒါကြောင့်ပြဿနာတွေထပ်ဖြစ်မလာစေဖို့ သူငယ်ချင်းဆိုတဲ့ကဏ္ဍကိုမသွားတာအကောင်းဆုံးပဲ။

ဒီတောင်မှသူကသိပ်ပြီးသူငယ်ချင်းဖြစ်ချင်နေပါတယ်ဆိုရင်လည်း Facebook တို့ဘာတို့မှာပဲ Friend အဖြစ်လက်ခံထားလိုက်ပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်နည်းနဲ့မှမပတ်သက်တာပဲကောင်းပါတယ်။ အလကားကြားကနေ ကိုယ့်ရဲ့လက်ရှိရည်းစားစိတ်ဆင်းရဲရမယ်။ မလိုအပ်တဲ့ပြဿနာတွေတက်ရလိမ့်မယ်။ လိပ်ပြာစံအိမ်ထဲက Thida ရဲ့အစ်ကိုဘုန်းကြီးပြောသလိုပဲ အတိတ်မှာမနေချင်ပါနဲ့။ လက်ရှိအချိန်မှာအတိတ်ကအရာတွေကိုပြန်ခေါ်မလာတာဘဲကောင်းပါတယ်နော်လို့ပြောရင်းအဆုံးသတ်လိုက်ပါတယ်။

Piki (Akhayar)