ကိုယ့်ရဲ့ Comfort Zone ထဲကနေ ဘာကြောင့်ထွက်သင့်တာလဲ
Comfort Zone ကို လူတွေကတစ်ယောက်တစ်မျိုးအဓိပ္ပါယ်ဖွင့်ကြတယ်။ အဓိပ္ပါယ်ဖွင့်ချက်တွေအများကြီးထဲမှာမှ ကျွန်မအကြိုက်ဆုံးတစ်ခုက ” Comfort Zone ဆိုတာ တစ်စုံတစ်ယောက်က ကိုယ့်သဘောအတိုင်းပြုမူနေထိုင်တဲ့နေရာဖြစ်တယ်။ ဒီနေရာဟာ စိတ်ဖိစီးမှုတွေ ၊ အရဲစွန့်မှုတွေအနည်းဆုံးဖြစ်တဲ့ အချိန်ဇယားတွေနဲ့လမ်းစဉ်တွေက ကိုယ့်ရဲ့ပြုမူနေထိုင်ပုံနဲ့ကိုက်ညီတဲ့နေရာဖြစ်တယ်။ လူတိုင်းအတွက် Comfort Zone ဆိုတာ အန္တရာယ်ကင်းပြီး စိတ်အေးအေးနေနိုင်တဲ့နေရာဖြစ်တယ်။ ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးနေနိုင်တဲ့နေရာဖြစ်တဲ့အတွက် လူတွေက Comfort Zone လေးထဲမှာပဲနေချင်ကြတယ်။ Comfort Zone ထဲမှာနေတာက မကောင်းဘူးလို့မပြောပါဘူး။ လူတိုင်းဘဝမှာရှင်သန်တဲ့အခါ ခဏလေးနားဖို့တော့လိုတာပါပဲ။ ဒါပေမယ့် Comfort Zone ထဲဝင်ပြီးသွားရင်တော်တော်နဲ့ပြန်မထွက်ချင်ကြတော့ဘူး။ ကျွန်မတို့တွေတိုးတက်ဖို့တစ်ခုတည်းသောနည်းက Comfort Zone ထဲကထွက်ဖို့ပါပဲ။ Comfort Zone ထဲကထွက်ဖို့လိုတာက
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုမြှင့်တင်ဖို့ပါ
Comfort Zone ထဲမှာနေနေတဲ့အဓိကအကြောင်းအရင်းက အပြင်လောကကြီးက အခက်အခဲတွေ ၊ ပြဿနာတွေကို မရင်ဆိုင်ရဲလို့ ၊ ကိုယ်ကဒီပြဿနာတွေကိုရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ထင်လို့ မထွက်ရဲတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာဖို့အတွက် Comfort Zone ထဲကထွက်ပြီး အပြင်လောကရဲ့ကြမ်းတမ်းမှုတွေကိုရင်ဆိုင်ဖို့လိုပါတယ်။
ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကိုရှာဖွေတွေ့ရှိနိုင်တယ်
ဘယ်အရာမဆိုစမ်းလုပ်ကြည့်မှကြိုက်တယ်မကြိုက်ဘူးဆိုတာသိရတာပါ။ ဒီလိုပဲ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ် ၊ ကိုယ်ကြိုက်နှစ်သက်တဲ့လေ့လာမှုဆိုတာ စမ်းပြီးတော့လုပ်ကြည့်မှ ရှာဖွေတွေ့ရှိနိုင်တာပါ။ ဒီလိုစမ်းပြီးတော့လုပ်ဖို့ဆိုတာက Comfort Zone ထဲကနေထွက်မှရမှာပါ။ Comfort Zone ထဲမှာပဲနေနေရင် ဘာအသစ်အဆန်းကိုမှလုပ်လို့ရမှာမဟုတ်ပါဘူး။ စိတ်ပညာပိုင်းဆိုင်ရာအရ လူတစ်ယောက်ရဲ့ Comfort Zone ဆိုတာ များသောအားဖြင့် သူတို့ရဲ့အိမ်ပဲဖြစ်ကြတယ်တဲ့။ အိမ်မှာပဲနေရင် သေချာပါတယ် ၊ ဘာအသစ်အဆန်းမှလုပ်လို့ရမှာမဟုတ်ဘူး။ ကိုယ်ကဘာလုပ်ရတာကိုနှစ်သက်တယ်ဆိုတဲ့ ကိုယ့်ရဲ့ Passion ဆိုတာဘာမှန်းတောင်သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ကိုယ့်ရဲ့ Passion လို့ပြောလို့ရမယ့် ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကိုရှာဖွေတွေ့ရှိချင်ရင် Comfort Zone ထဲကနေထွက်ဖို့လိုပါလိမ့်မယ်။ လုပ်ချင်စရာဘာမှမရှိဘူးဆိုရင် ဘဝကြီးကပျင်းစရာကြီးဖြစ်နေမှာလေ။
အသစ်အဆန်းတွေကိုစမ်းကြည့်တာက ကိုယ့်ကိုပိုပြီးတီထွင်ဆန်းသစ်နိုင်စွမ်းရှိစေလို့ပါ
Comfort Zone ထဲကနေထွက်ပြီး ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့အရာတွေကိုလုပ်တာက ကိုယ့်ရဲ့တီထွင်ဆန်းသစ်နိုင်စွမ်းကိုမြင့်တက်လာစေတယ်။ ပြောရရင်ကွာ ကိုယ်ကမလုပ်ဖူးတာကိုလုပ်ရမှာမို့လို့ ဘယ်လိုလုပ်သင့်တယ် ၊ ဘယ်ကစလုပ်မယ် စသဖြင့်တွေးဆလာရတယ်။ ပြီးတော့ကိုယ်က Comfort Zone ထဲကနေတစ်ခါထွက်ပြီးရင် နောက်တစ်ခေါက်ထွက်ဖို့ဝင်မလေးတော့ဘူး။ တီထွင်နိုင်စွမ်းဆိုတာ ခဏခဏလုပ်ဆောင်ခြင်းတွေကနေလာတယ်။ Comfort Zone ထဲကနေထွက်တာက အတွေကအကြုံတွေရဖို့ကိုယ့်စိတ်ကိုဖွင့်ထားတာနဲ့တူတယ်။ အတွေ့အကြုံတွေရယူဖို့စိတ်ကိုဖွင့်ထားတာက အသိပညာပိုင်းဆိုင်ရာသိလိုမှု ၊ စိတ်ကူးယဉ်မှု ၊ ခံစားချက်တွေနဲ့ ထူးဆန်းထွေလာတွေကိုစိတ်ဝင်စားမှုဆိုပြီးပြောတယ်။ ဒီလက္ခဏာတွေက တီထွင်ဆန်းသစ်နိုင်မှုရဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်ကြတာကြောင့် Comfort Zone ထဲကထွက်ပြီး Creative ဖြစ်အောင်နေဖို့လိုပါတယ်။
အရဲစွန့်တာကကိုယ့်ကိုရင့်ကျက်စေတယ်
ကျွန်မတို့ဟာကမွေးကတည်းကစွန့်စားတဲ့သူတွေပါ။ ဒါပေမယ့်အသက်တွေကြီးလာတာနဲ့ ရှုံးနိမ့်မှုကို ကြောက်ရွံ့လာတာကြောင့် လုပ်သင့်တာကိုမလုပ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လာကြတယ် ၊ ကိုယ့်ကိုယ်ကိုယ်ဆွဲထားကြတယ်။ ဒါကကျွန်မတို့ရဲ့ဖြစ်နိုင်ခြေအများကြီးရှိတဲ့ ရင့်ကျက်မှုတွေနဲ့ပြောင်းလဲမှုတွေကို ထိခိုက်စေတဲ့အချက်ဖြစ်တယ်။ ရှုံးနိမ့်မှုကိုကြောက်ရွံ့တာက အရဲစွန့်မှုတွေမလုပ်တော့ဘဲ Comfort Zone ထဲပဲနေနေတာရဲ့ တရားခံဖြစ်တယ်။ အရဲစွန့်မှ ရှုံးနိမ့်မှုတွေ ၊ အမှားတွေကိုကြုံတွေ့နိုင်တာဖြစ်ပြီး ဒီအရာတွေကနေ သင်ခန်းစာယူရင်း ရင့်ကျက်မှုကိုရှာဖွေရတာပဲဖြစ်ပါတယ်။
Milestone တစ်ခုကိုအရောက်လှမ်းနိုင်ရင် နောက်တစ်ခုကိုရောက်ဖို့လွယ်သွားတာကြောင့်ပါ
ကျွန်မတို့တွေဘဝမှာလုပ်နေတဲ့အကြီးမားဆုံးအမှားတစ်ခု ပထမဆုံးခြေလှမ်းကို မလှမ်းရဲတာ။ကျွန်မတို့တွေကရှုံးနိမ့်တယ်ဆိုတာကို ကြောက်တာနဲ့ပဲ စလုပ်ဖို့ကိုမကြိုးစားရဲတော့ဘူး။ ဒါပေမယ့်အမှန်တကယ်က ကိုယ်ဟာတစ်ခုခုကိုအောင်မြင်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် နောက်တစ်ခုကိုအောင်မြင်အောင်လုပ်ဖို့ကအရမ်းကိုလွယ်သွားပြီဆိုတာပါ။ ဘာလို့လဲဆိုတော့ တစ်ခုခုကိုအောင်မြင်အောင်လုပ်နိုင်ရင် “ငါဒါကိုလုပ်နိုင်တယ် ၊ ထင်သလောက်လည်းမခက်ပါလား ၊ နောက်တစ်ခုလောက်စမ်းလုပ်ကြည့်ရအောင်” ဆိုတဲ့စိတ်ဓာတ်တွေပေါ်ပေါက်လာနိုင်တာကြောင့်ပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိရင် ဘယ်အရာမဆိုအလွယ်တကူလုပ်နိုင်သွားမှာပါ။ အရေးကြီးတာက ပထမဆုံးခြေလှမ်းကိုလှမ်းဖို့အတွက် Comfort Zone ထဲကနေထွက်ဖို့ပါပဲ။
ဒီတော့ကိုယ်ကဘဝမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်တယ် ၊ ဘဝမှာအကျိုးရှိရှိနေချင်တယ် ၊ ရင့်ကျက်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ် ယုတ်စွအဆုံးကွာ “ဖြစ်ချင်တယ်”ဆိုတဲ့ စိတ်လေးရှိနေမယ်ဆိုရင် Comfort Zone ထဲမှာပဲ မွေ့လျော်မနေဘဲ အပြင်လောကကြီးကိုထိတွေ့ဖို့တိုက်တွန်းချင်ပါတယ်။
Piki (Akhayar)