သမိုင်းတစ်လျှောက်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးစစ်မဟာမိတ်အဖွဲ့များ (ပထမပိုင်း)

သမိုင်းတစ်လျှောက်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးစစ်မဟာမိတ်အဖွဲ့များ (ပထမပိုင်း)

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ မီးမိုးလောင်မြိုက်တဲ့ ကမ္ဘာ့စစ်ပွဲကြီးတွေ နိဂုံးချူပ်ခဲ့ပြီး အခုလိုမျိုး ငြိမ်းချမ်းရေးအတိ လွှမ်းခြုံခဲ့တာ ရာစုနှစ်တစ်ခုပြည့်လုနီးပါးရှိခဲ့ပါပြီ။ အားလုံးနဲ့ လက်လှမ်းအမီဆုံးဖြစ်ခဲ့တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲအပြင် တခြားသောမရေတွက်နိုင်တဲ့ စစ်ပွဲတွေဟာလည်း သက္ကရာဇ်တွေတစစ ကူးပြောင်းလာတာနဲ့အမျှ ပြီးဆုံးသွားကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာကြီး ထာဝရငြိမ်းချမ်းစေဖို့အတွက် ပေးဆပ်ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်ပေါင်းအမြောက်အမြားအပြင် သွေးမြေကျခဲ့ရတဲ့ စစ်ပွဲပေါင်းမနည်းမနော ဖြစ်ပွားခဲ့တာ အားလုံးမြင်မျက်ကိုယ်တွေ့ပါပဲ။ အဲဒီအကြောင်းလေးကို ပြန်လည်သတိပေးရင်းနဲ့ အခုဆောင်းပါးမှာ ဖော်ပြပေးသွားမှာကတော့ ၂ဝ ရာစုအစပိုင်းကနေ လက်ရှိမျက်မှောက်ခေတ်အထိ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ လက်တွဲစုပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်ရေးအရရော၊ စီးပွားရေးအရပါ ခွန်အားကြီးမားတဲ့ မဟာမိတ်အဖွဲ့တွေအကြောင်းကို ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး စာဖတ်သူတွေ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ ကဲ…ဒီတော့ ဆောင်းပါးမှာ ဘယ်လိုမဟာမိတ်အဖွဲ့တွေ ပါလာမလဲဆိုတာ ရင်ခုန်ရင်းနဲ့ အခုပဲစပြီး ဖတ်လိုက်ကြစို့လားဗျာ။

ဝင်ရိုးတန်းနိုင်ငံများ (The Axis)
ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်ဖွဲ့များနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် တစ်ဖက်ရန်သူ့နိုင်ငံများက ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ စစ်မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဟာ မဟာမိတ်အင်အားစုနဲ့ ဗဟိုအင်အားစုတို့ရဲ့ မကျေနပ်တင်းမာမှုတွေကြားက နှစ်ဖက်လုံးစစ်ရေးအရ အားပြိုင်တဲ့ တိုက်ခိုက်မှုဖြစ်ပေမယ့် ဒုတိယကမ္ဘာစစ်ကတော့ ပိုမိုအားကောင်းလာတဲ့ မဟာမိတ်တပ်နဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များရဲ့ အဖျက်စွမ်းအား သာလွန်ကြီးမားတဲ့ ပျက်စီးမှုအများပြားဆုံး စစ်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဝင်ရိုးတန်းနိုင်ငံတွေဖြစ်ကြတဲ့ နိုင်ငံတွေကတော့ နာမည်ကြားရုံနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့လေးစားရတဲ့ စစ်အာဏာရှင် ဟစ်တလာရဲ့နာဇီဂျာမဏီတပ်၊ အီတလီနိုင်ငံက နယ်ချဲ့စစ်အာဏာရှင် မူဆိုလီနီရဲ့ အီတလီတော်ဝင်စစ်တပ်နဲ့ အရှေ့တိုင်းက နေမဝင်အင်ပါယာ ဖက်ဆစ်ဂျပန်တပ် အစရှိတဲ့ ခွန်အားကြီးသုံးနိုင်ငံဖြစ်ပြီး နိုင်ငံတွင်းက စစ်တပ်သုံးတပ်ကို ပေါင်းစည်းထားခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်ကမဟာမိတ်တပ်များနဲ့ ဝင်ရိုးတန်းနိုင်ငံတပ်များဟာ တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံ အရှုံးမပေးဘဲ အပြင်းအထန် ချွပ်ချွပ်ချွံချွံ တိုက်ခိုက်ခဲ့ပါတယ်။

မဟာမိတ်တပ်များ (The Allies)
ပထမကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလကတည်းက အနောက်ပိုင်းဥရောပနိုင်ငံများဖြစ်ကြတဲ့ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ အမေရိကတိုက်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ စစ်ရေးအရဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံရဲ့ တစစကြီးထွားလာတဲ့ အစွန်းရောက်အမျိုးသားရေးနဲ့ တခြားနိုင်ငံများအပေါ် အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုကို ရိပ်စားမိတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းက နိုင်ငံများဟာ ပထမကမ္ဘာစစ်အပြီးမှာ ဗာဆိုင်းစာချူပ် ချူပ်စေခဲ့ပြီး စစ်အားအရရော၊ နိုင်ငံရေးအရပါ လွှမ်းမိုးမှုအားကောင်းလာတဲ့ ဂျာမဏီကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ပါတယ်။ အခြေအနေမသာလွန်မှုများကြောင့် ၁၉၁၈ ခုနှစ်၊ ပထမကမ္ဘာစစ်အပြီးမှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့ရပေမယ့် နောက်ထပ်အနှစ်နှစ်ဆယ် ဟစ်တလာအာဏာရလာချိန်မှာ ပြန်လည်ထကြွလာတဲ့ ဂျာမဏီကြောင့် ရှိပြီးသားနိုင်ငံများသာမက မဟာမိတ်နိုင်ငံသစ်တွေအဖြစ် ရုရှား၊ ကနေဒါ၊ တရုတ် အစရှိတဲ့ နိုင်ငံများလက်တွဲပြီး နာဇီဂျာမဏီအပါအဝင် ကျန်ဝန်ရိုးစွန်းနိုင်ငံစစ်တပ်များကို တိုက်ခိုက်ခဲ့ရပါတယ်။

နေတိုးစစ်မဟာမိတ်စာချူပ်အဖွဲ့ (NATO)
နေတိုးစစ်မဟာမိတ်စာချူပ်အဖွဲ့ဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး လေးနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ ဖွဲ့စည်းထားတဲ့ စစ်မဟာမိတ်စာချူပ်အဖွဲ့ဖြစ်ပြီး မြောက်အအတ္တလန်တစ် သဘောတူစာချူပ်အဖွဲ့လို့လည်း အမည်ရပါတယ်။ လက်ရှိမှာ စစ်အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ကြီးကို ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပထမနဲ့ဒုတိယကမ္ဘာစစ်လိုမျိုး ကမ္ဘာတစ်ဝှမ်းလုံးကို လောင်မြိုက်စေတဲ့ စစ်မျိုးဖြစ်ပွားလာမယ့်အရေးကို ကင်းရှင်းပပျောက်စေဖို့ဖြစ်ပြီး ဟစ်တလာလိုမျိုး အစွန်းရောက်အမျိုးသားရေး ပြင်းထန်ခြင်း၊ အီတလီလို ဖက်ဆစ်ဆန်ဆန်နယ်ချဲ့ခြင်း၊ ဂျပန်လို ကိုယ့်လူမျိုးကသာ အမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတဲ့ အမျိုးသားရေးစစ်ဝါဒီမျိုးတွေကို အနာဂတ်တစ်ချိန်မှာ ထပ်မံ မထွက်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ နေတိုးအဖွဲ့ဟာ သဘောတူစာချုပ်မှာ နိုင်ငံအစိုးရအချင်းချင်း စစ်ရေးအရ စစ်ဘက်မဟာမိတ် ရယူထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ နေတိုးရုံးချုပ်ဟာ ဘယ်(လ်)ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်(လ်စ်) မြို့မှာတည်ရှိပြီး အဖွဲ့အစည်းမှာ စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်တဲ့အပြင် အသင်းဝင်နိုင်ငံအသီးသီးအနေနဲ့  ပြင်ပအဖွဲ့အစည်းတစ်ခုခုမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြဖို့ သဘောတူညီထားကြတာဖြစ်ပါတယ်။

ဝါဆောစစ်စာချူပ်အဖွဲ့ (Warsaw Pact)
ဝါဆောစစ်စာချုပ်အဖွဲ့ဟာ အရှေ့ဥရောပနဲ့ အလယ်ပိုင်းဥရောပကနိုင်ငံတွေ စုဖွဲ့ထားတဲ့ စစ်မဟာမိတ်အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၅ ခုနှစ် မေလ (၁၄) ရက်နေ့၊ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ချူပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ ပထမဆုံး ကွန်မြူနစ်ခေါင်းဆောင်လီနင်ဟာ အောက်တိုဘာတော်လှန်ရေးနဲ့အတူ ရုရှားနိုင်ငံကို ကမ္ဘာ့ပထမဆုံးကွန်မြူနစ်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုအဖြစ် သွေးသစ်လောင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒုတိယကမ္ဘာစစ်အပြီး ဂျိုးဆက်စတာလင်လက်ထက်မှာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ အင်အားကြီးမားလာမှုကို ကွန်မြူနစ်ရုရှားအနေနဲ့ ပြန်လည်တားဆီးတိုက်စစ်ဆင်ဖို့ ဒီဝါဆောစစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဝါဆောစစ်စာချူပ်အဖွဲ့ဟာ နေတိုးအဖွဲ့ရဲ့ ခေတ်ပြိုင်စစ်အင်အားကြီး မဟာမိတ်နိုင်ငံများအဖွဲ့ဖြစ်တဲ့အပြင် ဗဟိုကထိန်းချူပ်တဲ့ အစိုးရစနစ်ကို အသုံးပြုပြီး နိုင်ငံပေါင်းစုစစ်မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက လိုသလိုကြိုးဆွဲပြီး ချူပ်ကိုင်ထားတဲ့ ဝါဆောစစ်စာချူပ်အဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ အရှေ့ဂျာမဏီတို့ ဖြစ်ကြပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာလွှမ်းမိုးမှုအောက်က သြဇာခံနိုင်ငံတွေအဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Yan

Ref: မြန်မာ့စွယ်စုံကျမ်း, Wiki

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle