IQ မမြင့်ရင်တောင်မှ သင်ဟာအောင်မြင်သူတစ်ယောက် ဖြစ်နိုင်ပါတယ်

IQ မမြင့်ရင်တောင်မှ သင်ဟာအောင်မြင်သူတစ်ယောက် ဖြစ်နိုင်ပါတယ်

ယေဘုယျအားဖြင့် IQ 130 ကျော်တဲ့သူတွေက ဉာဏ်ကြီးရှင်တွေဖြစ်ကြပြီး ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေရဲ့ ဝ.၂ ရာခိုင်နှုန်းလောက်ပဲ IQ 130 ကျော်ကိုပိုင်ဆိုင်ကြတာဖြစ်တယ်တဲ့။ တချို့တွေကျပြန်တော့လည်း ၁၄ဝ နဲ့ ၁၄၅ ကြားက ဉာဏ်ကြီးရှင်တွေဖြစ်ကြပြီး ၁၁၅ ကနေ ၁၂၄ က သာမန်ထက်ပိုမြင့်တဲ့ IQ ဖြစ်တယ်လို့လက်ခံထားကြတယ်။
မွေးရာပါ ပါရမီကြောင့် တမူထူးခြားတဲ့ ရလဒ်တွေ / အောင်မြင်မှုတွေကို ရရှိနိုင်ပေမယ့် နောက်ပိုင်းလေ့လာချက်တွေ တော်တော်များများမှာ တွေ့ရတာက အောင်မြင်မှုတွေက လေ့ကျင့်မှုတွေ ၊ အကျွမ်းတဝင်ဖြစ်မှုတွေနဲ့ တွေးခေါ်မှုတွေပေါင်းစပ်ပြီးတော့မှ ဖြစ်လာတာဖြစ်တယ်။ ဒါကြောင့်သင်ကမွေးရာပါ ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ်ရင်တောင်မှ ဒီနည်းလမ်းတွေကိုသုံးမယ်ဆိုရင် အောင်မြင်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

နေ့တိုင်းနေ့တိုင်း တွေးဖို့အတွက်ကိုပဲ ၁ဝမိနစ် အချိန်ပေးပါ
သင့်ဘဝမှာ အကြောင်းအရာတစ်ခုခုကို လေးလေးနက်နက် အချိန်ပေးပြီးတော့တွေးဖူးလား။ ငါဒီအလုပ်ကိုဘာလို့လုပ်နေတာလဲ ၊ ငါဘယ်နိုင်ငံကိုသွားချင်လဲ ၊ ငါဒါလိုချင်လိုက်တာ ဒါရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ မကြာခဏတွေးဖြစ်လား။ သင့်မှာအရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွေးတွေရှိပြီး ဒါတွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီလား။ လေးနက်တဲ့မေးခွန်းတွေကို မေးပြီးအဖြေကိုရှာတာက သင့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာကူညီပေးပြီး သင့်ကိုပိုပြီးရှင်းရှင်းလင်းလင်းတွေးနိုင်စွမ်းကိုပေးလိမ့်မယ်။ အောင်မြင်မှုတွေအားလုံးက ရိုးရှင်းတဲ့အတွေးတွေ ၊ စိတ်ကူးတွေကပဲ စတင်တာလေ။

တစ်နေ့ကို မိနစ်၂ဝ စာဖတ်ပါ
စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကိုအားလုံးသိပါတယ်။ စာဖတ်တာက ကိုယ့်နဲ့သက်တူရွယ်တူတွေကြားမှာတောင် ခေါင်းတစ်လုံးသာစေပါတယ်။ စာအုပ်ကောင်းတစ်အုပ်က သင့်ကို အဖိုးတန်တဲ့အကြောင်းအရာတွေ ၊ ဘဝရဲ့လေးနက်မှုတွေကို ပေးစွမ်းပါလိမ့်မယ်။ စာအုပ်ကောင်းတစ်အုပ်က သင့်ကိုအကြောင်းအရာအသစ်အဆန်းတွေကို သင်ယူခွင့်ပေးလိမ့်မယ်။ တစ်နေ့ကိုမိနစ်၂ဝ လောက်လေးပဲအချိန်ပေးတာက သင်အောင်မြင်ဖို့အတွက်အခွင့်အလမ်းကို ကိုယ့်ကိုယ်ကိုယ်ပေးသလိုပါပဲ။ တစ်နေ့ကိုမိနစ်၂ဝလောက်စာဖတ်ရင်း စာမျက်နှာ ၁၅ မျက်နှာလောက်ပြီးရင် တစ်နှစ်ကို စာအုပ် ၁၅ အုပ် ၊ အုပ် ၂ဝ လောက်ဖတ်ပြီးလောက်ပြီ။ ဒါကအောင်မြင်ဖို့အတွက် အချိန်နဲ့ပိုက်ဆံကို ရင်းနှီးမြှုပ်နှံသလိုပါပဲ။

နေ့တိုင်း အာရုံစူးစိုက်ဖို့အတွက် မိနစ် ၃ဝ အချိန်ပေးပါ
အလုပ်တိုင်းကအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့အတွက် သေချာအာရုံစူးစိုက်ပြီး လုပ်ရပါတယ်။ အာရုံစူူးစိုက်မှုက အရမ်းကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်ကြီးမှာ လူတစ်ယောက်ကို အာရုံထွေပြားစေတဲ့အရာတွေက အများကြီးပါ။ ပြောရရင် ဆူညံတဲ့ပတ်ဝန်းကျင်တွေ ၊ စိတ်ကိုစွဲဆောင်နေတဲ့ နည်းပညာ ၊ အပျော်အပါးကို ဝန်ဆောင်မှုပေးနေတဲ့ ခေတ်ရဲ့ Trend တွေကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာ ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုလျှောက်တဲ့လမ်းမှာ အနှောင့်အယှက်တွေအများကြီးဖြစ်စေပါတယ်။ တစ်နေ့ကိုနာရီဝက်လောက်ပဲ ကိုယ်လုပ်တဲ့အရာတစ်ခုခုပေါ့ ၊ ဘယ်အရာကိုမဆို အာရုံစူးစိုက်နိုင်ဖို့ ကြိုးစားကြည့်မယ်ဆိုရင် နဂိုထက်ထူးခြားမှုတွေတွေ့နိုင်ပြီး အလုပ်ပိုတွင်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အောင်မြင်မှုလမ်းကို လျှောက်လှမ်းနိုင်ဖို့ တစ်နေ့နာရီဝက်လောက် အာရုံစူးစိုက်ကြည့်ပါ။
ဒီလိုသာလုပ်ကြည့်မယ်ဆိုရင် သင်ဟာ IQ အရမ်းမမြင့်ရင်တောင်မှ အောင်မြင်မှုဆိုတာကို ဖမ်းဆုပ်နိုင်မှာအသေအချာပါပဲ။ အောင်မြင်ကျော်ကြားနေတဲ့သူတော်တော်များများ IQ မြင့်ကျပေမယ့် ကြိုးစားမှုနဲ့လေ့ကျင့်မှုတွေမပါဘဲ သူတို့လည်းအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့အောင်မြင်သူတစ်ယောက်ဖြစ်အောင် စပြီးကြိုးစားကြရအောင်နော်။

Piki (Akhayar)