အာမခံလုပ်ငန်းတွေ ဘာကြောင့်ရှိနေရတာလဲ

အာမခံလုပ်ငန်းတွေ ဘာကြောင့်ရှိနေရတာလဲ

ကိုယ့်ဘဝမှာ ပျော်ပျော်နေနိုင်ဖို့ဆိုတာ လူတိုင်းရဲ့အိပ်မက်ပဲမလား။ ဒီအတွက် ကျွန်တော်တို့ အဖြေရှာကြမယ်။​ ကျွန်တော်တို့တွေရဲ့ဘဝမှာသာ ဘာမှလုပ်စရာမရှိဘူးဆိုရင် တာဝန်ယူစရာမရှိတဲ့အလျောက် ပျော်ချင်သလိုပျော် ကဲချင်သလိုကဲကြမယ်မဟုတ်လား။ ဒါဆိုအိပ်မက်အကောင်အထည်ပေါ်ပြီပေါ့။

မထင်ပါဘူး။ဒီလောက်ပြိုင်ဆိုင်မှု ပြင်းထန်ထဲ့ခေတ်တဲ့မှာ ဘာမှမလုပ်တဲ့သူက ငတ်မယ်၊ တစ်နည်းအားဖြင့် ဆင်းရဲမယ်ဆိုတာလည်း လူတိုင်းသိပါတယ်။ ဒီတော့ ယူရတဲ့တာဝန်တွေများလာတာနဲ့အမျှ စွန့်စားမှုလို့ခေါ်တဲ့ Risk တွေလည်းများလာပါတယ်။ တာဝန်ယူမှုတိုင်းမှာပါလာတတ်တဲ့ Risk ကိုသာ ကောင်းကောင်းမစီမံနိုင်ရင် ဖြစ်လာမယ့်ဆုံးရှုံးမှုတွေကို လက်ခံနိုင်ပါ့မလား။ ပျော်ရွှင်နိုင်ပါ့ဦးမလား။ ကျွန်တော်တို့ အိပ်မက်တွေက အိပ်မက်အဖြစ်ပဲ ရှိနေတော့မှာပေါ့။

စွန့်စားရတာကို လူတိုင်းကြိုက်ပါတယ်။ စွန့်စားလို့ ဖြစ်လာမယ့် ဘေးထွက်အန္တရာယ်တွေကိုတော့ လက်ခံချင်တဲ့သူရှားပါတယ်။ ဥပမာဆိုပါတော့ ကိုယ်က ဆိုင်ကယ်စမောင်းတယ်။ မောင်းတဲ့အခါမှာ ဒီဆိုင်ကယ်နဲ့ ကိုယ်ကိုယ်တိုင်ကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိလာမယ်။ နည်းနည်းပိုမောင်းတတ်လာတဲ့အခါမှာ လမ်းမပေါ်တက်မောင်းချင်တယ် ဆိုတဲ့ စွန့်စားမှုတစ်ရပ်ကိုလုပ်ချင်တယ်။ ဒါပေမဲ့ ကိုယ်က ဆိုင်ကယ်တိုက်မှာကိုကြောက်တယ် ဆိုတဲ့စိုးရိမ်စိတ်နဲ့ မမောင်းဖြစ်တော့ရင် ကိုယ်ပျော်ပါ့မလား။ မောင်းရဲမှ သတ္တိရှိလာမယ်ဆိုတာသိရက်နဲ့ ဒီ Risk ကြောင့်ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကို တာဝန်မယူနိုင်မှာစိုးတဲ့အခါ ကိုယ်တိုးတက်နိုင်ပါ့တော့မလား။

ဒီလိုပါပဲ Risk တိုင်းဟာ ပါးစပ်အရသာခံပြောလို့ကောင်းပေမယ့် တကယ်လုပ်တဲ့အခါမှာ စဉ်းစားရမှာတွေ သိပ်များပါတယ်။ ဒီတော့ ဒါကိုဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်းကရှိလာမှာပဲ။

Insurance လို့ခေါ်တဲ့ အာမခံ လုပ်ငန်းတွေဟာ ဒီလိုမေးခွန်းတွေကို ဖြေရှင်းပေးဖို့ပေါ်ပေါက်လာတယ်လို့ ဆိုလို့ရပါတယ်။ အာမခံ လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ စတင်တာမကြာသေးတဲ့အတွက် အရမ်း စိမ်း နေနိုင်ပေမဲ့ တကယ်တော့ London မှာ 1706 ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အာမခံ ဆိုတာဘာလဲ

အာမခံလုပ်ငန်းဆိုတာ ကိုယ့်ရဲ့အန္တရာယ်တွေကို ဝေမျှပြီးတာဝန်ယူပေးတဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။ ကိုယ်မထင်မှတ်ထားဘဲနဲ့ ဖြစ်လာတဲ့ ငွေကြေးဆုံးရှုံးမှုတွေကို တာဝန်ယူပေးတဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။ ကိုယ်က အာမခံ ဝယ်ယူထားတဲ့အခါ ကိုယ်ကိုယ်တိုင်အတွက် ဒါမှမဟုတ် ကိုယ်ရွေးချယ်ထားတဲ့သူအတွက် အန္တရာယ် တစ်ခုခုကြောင့်ဖြစ်လာတဲ့ ငွေကြေးဆုံးရှုံးမှုတွေကို ပြန်ပေးတာပဲဖြစ်ပါတယ်။

အာမခံ ရှိထားတဲ့လူတစ်ယောက်ဟာ တစ်ခုခုကို စွန့်စားတဲ့အခါ ဖြစ်လာမယ့် ဆုံးရှုံးမှုကို အတူတာဝန်ယူပေးမယ့်သူရှိတယ်ဆိုတဲ့စိတ်နဲ့ ပိုပြီး ရဲရဲတင်းတင်းစွန့်စားလာနိုင်ပါတယ်။ စွန့်စားမှုတွေကို နှစ်ခြိုက်မှ ကိုယ့်ရဲ့ဘဝဟာ တိုးတက်နိုင်မှာမဟုတ်လား။ (မဟုတ်တဲ့ စွန့်စားမှုတွေကိုဆိုလိုတာမဟုတ်ပါဘူး)

အာမခံကြောင့် ဆုံးရှုံးမှုတွေ ဘယ်လိုတွေ လျော့သွားနိုင်သလဲ

အာမခံရှိတဲ့ လူတစ်ယောက်ဟာ မထင်မှတ်ထားတဲ့ အန္တရာယ်ဖြစ်တဲ့အခါမှာ ဆုံးရှုံးမယ့် ကုန်ကျစရိတ်အတွက် သိပ်စိတ်ပူစရာမလိုပါဘူး။ ကိုယ်က Highway မှာကားမောင်းလာတယ်ဆိုပါတော့၊ မောင်းနေရင်းနဲ့ ရုတ်တရက်လမ်းပေါ်ဖြတ်ပြေးလာတဲ့ နွားတို့ ကျွဲတို့ကို ဝင်တိုက်မိတဲ့အခါ ကားပျက်စီးမှာဖြစ်ပါတယ်။ (တိရိစ္ဆာန်လည်း သေဆုံးမှာပေါ့) ပျက်စီးသွားတဲ့ ကားအစိတ်အပိုင်းတွေကို လဲတာပဲဖြစ်ဖြစ် ပြန်ပြင်တာပဲဖြစ်ဖြစ် ကုန်ကျမယ့်စရိတ်ဟာ မနည်းနောလှပါဘူး။

ကိုယ်တိုင်သာပြင်မယ်ဆိုရင် ဘယ်လွယ်ပါ့မလဲဗျာ။ ဒီနေရာမှာ ကိုယ်ကသာ အာမခံ ဝယ်ယူထားတဲ့သူဖြစ်တယ်ဆိုရင် အာမခံကုမ္ပဏီရဲ့ စည်းမျဉ်းတွေနဲ့အထိုက် ပျက်စီးမှုရဲ့ ကုန်ကျစရိတ်အားလုံးကိုသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ထုတ်ပေးမှာဖြစ်ပါတယ်။

နောက်တစ်မျိုးက ကိုယ့်အိမ်က ရေပိုက်ခေါင်းကြီးတစ်ခု ချို့ယွင်းသွားလို့ ရေတွေပန်းထွက်လာတယ်ဆိုပါတော့။ အိမ်သုံးပစ္စည်းတွေ ရေစိုမခံဘဲ ပျက်စီးကုန်တဲ့အခါမျိုးမှာလည်း အာမခံမရှိထားတဲ့သူတစ်ယောက်ဟာ ဘယ်သူ့ကိုမှ အပြစ်ပုံချလို့မရပါဘူး။ ကိုယ်တိုင်ပဲ အိတ်စိုက်ပြီး ပြန်ပြင်ရမှာဖြစ်ပါတယ်။

အာမခံရှိထားတဲ့လူတစ်ယောက်ဆိုရင် ဒီလိုပျက်စီးမှုတွေအတွက် အာမခံရဲ့ Policy တွေအတိုင်း တာဝန်ယူ လျော်ကြေးတွေအနေနဲ့ ပြန်ပြီး ပံ့ပိုးပေးမှာဖြစ်ပါတယ်။

ဒါကြောင့် အာမခံ ရှိနေတဲ့လူတစ်ယောက်ဟာ ကြိုမမြင်နိုင်တဲ့အန္တရာယ်တွေအတွက် စိတ်ပူစရာ အနည်းဆုံးအနေအထားနဲ့ သတ္တိရှိရှိ ရှေ့ဆက်နိုင်ပါတယ်။

အာမခံအမျိုးမျိုး

အာမခံ အမျိုးအစားတွေအမျိုးမျိုးရှိပါတယ်။

ကျန်းမာရေးအာမခံ — ကျန်းမာရေးအခြေအနေကြောင့်ဖြစ်လာတဲ့ ဖျားနာမှုတွေ၊ ဆရာဝန်ကြေးတွေနဲ့အတူ ဆေးဖိုးတွေကို တာဝန်ယူ စိုက်ထုတ်ပေးတဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။

အသက်အာမခံ — ကိုယ်က အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားတဲ့အခါ ကိုယ့်မိသားစု၊ ကိုယ့်အိမ်အတွက် ကျန်ရှိနေတဲ့ကုန်ကျစရိတ်၊ ကိုယ့်ကလေးငယ်တွေရဲ့ ပညာရေးစရိတ်တွေကို ငွေကြေးအရထောက်ပံ့ပေးတဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။

ယာဉ်အာမခံ — ကိုယ့်ရဲ့ ယာဉ်တစ်စီးဟာ မထင်မှတ်ဘဲ တိုက်တာ မှောက်တာဖြစ်တဲ့အခါ ပြင်ဆင်ဖို့ကုန်ကျစရိတ်နဲ့ ဆေးဖိုးတွေအတွက် စိုက်ထုတ်ပေးတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။

အာမခံဟာ ပျော်ရွှင်မှုနဲ့ဘယ်လိုဆက်စပ်လဲဆိုပြီး မေးစရာရှိပါတယ်။ ပျော်ရွှင်မှုဆိုတာမျိုးက တစ်ဦးချင်းစီရဲ့ ခံယူချက်တွေအပေါ်မှာမူတည်တာဆိုပေမဲ့ လူတိုင်းရဲ့ပျော်ရွှင်မှုက ကိုယ်ယူတဲ့ Risk တွေအပေါ်မှာမူတည်တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။

ကိုယ့်ရဲ့ စွန့်စားမှုဟာ အောင်မြင်သွားရင်လည်း ပျော်ရွှင်တယ်၊ မအောင်မြင်တဲ့အခါဆိုလည်း ဆုံးရှုံးမှုမရှိရင် ပျော်ရွှင်ကြမှာပဲလေ။ အာမခံ တွေဟာ ဒုတိယအချက်ကို အကောင်းဆုံးကူညီပေးနိုင်တဲ့ ဝန်ဆောင်မှု Cycle တွေဖြစ်တယ်လို့ လူအများက သတ်မှတ်ကြပါတယ်။ ဘယ်သူက ကိုယ်အန္တရာယ်ဖြစ်လို့ ကူညီသူရှိတဲ့အခါ မပျော်ဘဲနေမလဲ။ “ငါဒါကို လုပ်လို့ရတယ် ငါ့မှာ အာမခံရှိတယ်” ဆိုတဲ့ ယုံကြည်မှုတစ်ခုကို ပေးစွမ်းထားတာနဲ့တင် စိတ်ချလက်ချ အလုပ်လုပ်နိုင်ပြီမဟုတ်လား?

Risk နည်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

Photos Credit

Khant Thura (Akhayar Media)

www.akhayarmedia.com