အလုပ်များတဲ့မိဘတွေ သားသမီးတွေနဲ့ ဝေး မသွားရလေအောင်

အလုပ်များတဲ့မိဘတွေ သားသမီးတွေနဲ့ ဝေး မသွားရလေအောင်

မိဘတွေက ကလေးတွေ့ရှေ့မှာ အရေးကြီးကိစ္စတွေကြုံတိုင်း အခါခါ မတည်ငြိမ်ဘဲ စိတ်လှုပ်ရှားပြနေတာတွေ၊ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ဒေါသထွက်ပြနေတာတွေကို မြင်ဖန်များတဲ့အခါ အရေးကြီးတဲ့ တချို့ကိစ္စတွေကြတော့ အချိန်မီ သူတို့လေးတွေ မပြောပြရဲကြတော့ပါဘူး။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း သားသမီးရှိတဲ့မိဘတွေ ကပ်ဆိုက်နေကြတယ်ပဲ ပြောရမလားမသိပါဘူး။ ပေါ်လာလိုက်တဲ့ Child Abuse တွေ၊ Harassment တွေနဲ့ Violence တွေဆိုတာ အသက်ရှုမဝလောက်အောင်ပါပဲ။ မိဘတွေကလည်း ငွေရှာရတာနဲ့ စီးပွားရေးနဲ့ အလုပ်တွေရှုပ်လာသလို၊ သားသမီးတွေကို အရင်ခေတ်က မိဘတွေလို ပြည့်ပြည့်၀၀ ဂရုစိုက်မှုမပေးနိုင်ကြတော့ပါဘူး။ သြော် အရင်ခေတ်ကတော့ အိမ်ထောင်ဦးစီးတစ်ယောက်အလုပ်လုပ်ရင် တစ်မိသားစုလုံး ထိုင်စားလို့ရတယ်လေ။ ဒီဘက်ခေတ်က တစ်အိမ်လုံးလိုလို အလုပ်ထွက်လုပ်မှ လူတန်းစေ့နေနိုင်မှာကိုး။ ခေတ်ကာလအခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲလာတယ်ပြောပြော ကျွန်မတို့ရဲ့ သားသမီးတွေကိုတော့ နည်းနည်းလေးမှမလျော့ဘဲ ဂရုစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ခေတ်ကြီးက မကောင်းတော့ဘူးလေ။ ဒီတော့ သားသမီးတွေအတွက် အချိန်အများကြီးမပေးနိုင်တဲ့ မိဘတွေ သားသမီးနဲ့ဝေးသလိုလည်း မခံစားရအောင်၊ နောက်ပြီး သားသမီးဖြစ်ပျက်သမျှ အချိန်နဲ့တစ်ပြေးညီ သိရှိနေရအောင် ဘယ်လိုနေရမလဲ။

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဘက်ညီမှုရှိပါစေ

Work-Life Balance လို့ ခေါ်တဲ့အရာက အရေးကြီးပါတယ်။ ဒါပေမယ့် ဒီမှာကတော့ လူတွေ မေ့နေတတ်ကြတယ်။ အလုပ်နဲ့ မိသားစုဘဝ၊ ကိုယ်ရေးကိုယ်တာ ညီမျှမှုရှိရပါလိမ့်မယ်။ မနက်အစောကြီးလည်း ရုံးသွားတယ်။ ညဘက်လည်း နောက်ကျမှပြန်လာတယ်။ အားလပ်ချိန်တိုင်းလည်း အလုပ်လုပ်တယ်။ ဒါဟာ လူလွတ်ဘဝမှာတော့ တော်တော်ကောင်းပါတယ်။ ကြိုးစားပါ။ ဒါပေမယ့် မိသားစုနဲ့ ဖြစ်လာပြီး သားသမီးတွေပါ ရရှိလာတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အဆိပ်အတောက်ဖြစ်လာစေပါတယ်။ အလုပ်ကို အလုပ်ချိန်ပြီးရင် စိတ်ထဲကပါ ထုတ်ပစ်လိုက်ပါတော့။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အာရုံစိုက်ဖို့လည်း အချိန်ပေးပါဦး။ အထူးသဖြင့် ကိုယ့်ရဲ့သားသမီးကိစ္စတွေမှာပေါ့။

တည်ငြိမ်တတ်အောင် ကြိုးစားပါ

မိသားစုဘဝကို တည်ဆောက်ပြီးနောက်ပိုင်းမှာ အိမ်တွင်းရေးကိစ္စတွေ အားလုံးအတွက် တည်ငြိမ်တတ်အောင် ကြိုးစားရမှာ မိဘတွေရဲ့အလုပ်ပါ။ နောက်ဖေးမှာ ပန်းကန်လေးတစ်ချပ် မတော်လို့ကျကွဲတာကအစ ဒေါသထွက်ပြနေတဲ့ မိဘတွေကို သားသမီးတွေက ကြောက်ကြပါတယ်။ မိဘတွေက ကလေးတွေ့ရှေ့မှာ အရေးကြီးကိစ္စတွေကြုံတိုင်း အခါခါ မတည်ငြိမ်ဘဲ စိတ်လှုပ်ရှားပြနေတာတွေ၊ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ဒေါသထွက်ပြနေတာတွေကို မြင်ဖန်များတဲ့အခါ အရေးကြီးတဲ့ တချို့ကိစ္စတွေကြတော့ အချိန်မီ သူတို့လေးတွေ မပြောပြရဲကြတော့ပါဘူး။ သူတို့ပြောလိုက်ရင် ဒေါသထွက်တော့မယ်ဆိုတဲ့စိတ်နဲ့ သူတို့ရဲ့ ပြဿနာလေးတွေနဲ့ ဒုက္ခတွေကို မျိုသိပ်ထားကြရာက မဖြစ်သင့်မဖြစ်အပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

အချိန်ယူပြီး စကားပြောပေးပါ

အခုနောက်ပိုင်း လူတွေဟာ မိသားစုတိုင်းလိုလိုမှာ အပြင်မှာထွက်ပြီး အလုပ်လုပ်ရပါများတော့၊ နောက်ပြီး လူတွေနဲ့ ဆက်ဆံရပါများတော့ အိမ်ပြန်ရောက်တဲ့အချိန်ကျ မောပြီးစကားမပြောနိုင်တော့တာတွေ၊ ပြောချင်စိတ်မရှိတော့တာတွေ ဖြစ်နေကြပါတယ်။ ဒီလိုနဲ့ မိသားစုအိမ်လေးဟာ တိတ်ဆိတ်လာပြီး အသက်ကင်းမဲ့လာပါတော့တယ်။ ဒီလို မလုပ်ပါနဲ့။ သားသမီးတွေနဲ့ အချိန်ယူပြီး စကားပြောပါ။

“ကဲ ဒီနေ့ ကျောင်းမှာ ဘာတွေထူးလာလဲ။” ကနေ အစချီပြီး ကလေးငယ်တွေရဲ့ ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေကို မျှဝေယူပေးပါ။ အရာရာကို မိဘတွေကို ပြောပြနေကျ ကလေးတွေဟာ သူတို့ရဲ့ အခက်အခဲကိုလည်း လွယ်လွယ်ကူကူပြောရဲလာပါလိမ့်မယ်။ မပြောတောင်မှ စကားထဲမှာ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက မူမမှန်တဲ့အခါ မိဘတွေ ချက်ချင်းသိမြင်နိုင်ပါတယ်။

ဘယ်သူနဲ့မှ စိတ်ချမထားပါနဲ့

တစ်နေကုန် ဖွားဖွားနဲ့ စိတ်ချထားခဲ့ပြီး အလုပ်သွားလုပ်နေတာလား။ မထင်ရင် မထင်သလို ကံဆိုးမိုးမှောင်ကျတတ်တာကို သတိရပါ။ ဘယ်သူနဲ့မှ စိတ်မချထားခဲ့ပါနဲ့။ ရင်အုပ်မကွာ မစောင့်ရှောက်နိုင်ရင်တောင် ကျောင်းကို မကြာခဏသွားကြိုပေးပါ။ အိမ်ကို စောစောပြန်လာပြီး အတူတူရှိပေးပါ။ တစ်နေကုန် ကိုယ့်ကလေးဟာ ဘာလုပ်လို့ လုပ်နေမှန်းမသိရတော့အောင်ကို စိတ်ချထားတာမျိုး မဖြစ်သင့်ပါဘူး။ နောက်တစ်ခုက တစ်ယောက်ယောက်နဲ့ အပ်ထားခဲ့တယ်ဆိုရင်လည်း အဲဒီလူရဲ့ လက်က ပြန်သွားခေါ်တဲ့အခါ ကလေးရဲ့ တစ်နေ့တာလှုပ်ရှားမှုကို အကြမ်းဖျဉ်း မေးမြန်းပြီး မှတ်သားထားပါ။ ဘာမှ မသိချင်၊ မမေးမမြန်းဘဲ စိတ်ချထားတာမျိုးကို လုံးဝမလုပ်စေချင်ပါဘူး။

ပျော်ရွှင်စရာတွေ ဖန်တီးပေးပါ

မိဘဆိုတာ ပညာသင်ကြားပေးနေမှ၊ အိမ်မှာပြည့်စုံအောင် ဖြည့်ဆည်းပေးထားမှတင် ကလေးအတွက် ပြည့်စုံသွားတာ မဟုတ်ပါဘူး။ မိဘဆိုတာ မိသားစုနဲ့ ပျော်ရွှင်ခြင်းကိုပါ ဖန်တီးပေးရမှာပါ။ အိမ်မှာ မိသားစုနဲ့ မပျော်ရွှင်တဲ့ကလေးတွေဟာ လမ်းမှားကို ပိုရောက်တယ်။ နောက်ပြီး သူများ သိမ်းသွင်းရ ပိုလွယ်ကူတတ်ပါတယ်။ သားသမီးတွေကို ကိုယ်နဲ့အတူတူ ရယ်မောချိန်တွေ၊ ကစားတွေကစလို့ ပျော်ရွှင်စရာတွေ မတူညီအောင် အလှည့်ကျနဲ့ အမြဲတမ်းဖန်တီးပေးပါ။ သူ့မှာ ချစ်စရာ၊ ယုံကြည်စရာ ဒီလူတွေပဲရှိတယ်ဆိုတာ သူတို့ သိထားပါစေ။

အပြင်မှာ ဘယ်လောက်ပဲ အလုပ်ရှုပ်တဲ့မိဘဖြစ်ပါစေ အခုပြောပြခဲ့တဲ့ ဒီ (၅)ချက်ကိုတော့ လိုက်နာဖို့ အကြံပေးချင်ပါတယ်။ သားသမီးဆိုတာ မိသားစုရဲ့ ရတနာလေးတွေပါ။ သူတို့ကလေးတွေကို မွေးဖွားပြီးပြီဆိုရင်တော့ ကောင်းမွန်စွာကြီးပြင်းနိုင်အောင် စောင့်ရှောက်ဖို့က မိဘတိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။ ကလေးတွေကို အကောင်းဆုံးနည်းနဲ့ မေတ္တာမျှဝေစောင့်ရှောက်နိုင်ကြပါစေ။

(Photos Credit)

Moethaesay (Akhayar)

www.akhayarmedia.com