မကောင်းမြင်တတ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အရသာရှိမှု

မကောင်းမြင်တတ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အရသာရှိမှု

ဘဝမှာတစ်ချိန်လုံးအရာရာကို မကောင်းမြင်တတ်ပြီး စောဒကတက်တဲ့ ၊ ဝေဖန်တတ်တဲ့ ၊ ရန်လိုတတ်တဲ့သူတွေနဲ့ ဆက်ဆံရတာကြောင့် စိတ်ဆင်းရဲရတဲ့ဒဏ်ကို ကိုယ်တွေအားလုံးခံစားဖူးပါတယ်။ ဒီလိုလူတွေနဲ့ကြုံရတာ ခက်ခဲနိုင်ပါတယ်။ သူတို့နဲ့ပေါင်းလို့ ကိုယ့်ရဲ့အားအင်တွေကုန်ခမ်းတယ် ၊ ကြာရင်ကိုယ့်ရဲ့စိတ်ဓာတ်ကပါ မကောင်းမြင်တတ်တဲ့စိတ်ဖြစ်လာတတ်တယ်။

ဒါကြောင့်များသောအားဖြင့် ကိုယ့်သူငယ်ချင်းထဲမှာ မကောင်းမြင်တတ်တဲ့သူရှိနေပြီ ၊ သူတို့ကိုပြုပြင်ပေးလို့လည်းမရဘူး ၊ ဘယ်တော့မှလည်းပြောင်းလဲမယ့်ပုံမပေါ်ဘူးဆိုရင် သူတို့တွေနဲ့ဆက်မပေါင်းတော့ဘဲ အဆက်အသွယ်ဖြတ်ဖို့ လူတိုင်းလိုလိုအကြံပေးလာပါလိမ့်မယ်။ ဒီလိုအဆက်အသွယ်ဖြတ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက်လည်းပိုကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ကိုအဆက်ဖြတ်ရတဲ့အဆင့်ထိရောက်စရာမလိုတဲ့ တခြားဖြေရှင်းနိုင်တဲ့နည်းလမ်းလည်းရှိပါတယ်။ ပြောရရင် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတစ်ခုကို ဖောျက်ချင်နေတဲ့အချိန်မျိုးမှာ ဒီနည်းလမ်းကပိုပြီးသင့်တော်ပါတယ်။ သူငယ်ချင်းရဲ့မကောင်းမြင်တတ်တဲ့အကျင့်ဆိုးကိုဖျောက်ပေးပြီး ကိုယ့်ရဲ့အကျင့်ဆိုးကိုလည်းပြုပြင်နိုင်တဲ့နည်းလမ်းက မကောင်းမြင်တတ်တဲ့သူနဲ့ပြောဆိုဆက်ဆံရတာ အရသာရှိတယ်ဆိုတာကိုသင်ယူဖို့ပါပဲ။

နားလည်ရနည်းနည်းခက်တဲ့ ဒီအတွေးအခေါ်ကို ရှင်းပြမယ်နော်။ ဥပမာ – မကောင်းမြင်တတ်တဲ့သူတစ်ယောက်ရှိတယ်ပေါ့။ သူကကိုယ့်ရဲ့သူငယ်ချင်းလည်းဖြစ်နိုင်တယ် ၊ ကိုယ့်မိသားစုဝင်လည်းဖြစ်နိုင်တယ် ၊ ကိုယ့်ရဲ့ချစ်သူလည်းဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ကိုကိုယ်ကဂရုစိုက်တယ်။ အမှန်တကယ်မှာ ဒီလိုမကောင်းမြင်တတ်တဲ့သူတွေကိုယ်တိုင်ကလည်း နာကျင်ခံစားနေရတာပါ။ လူတကာကသူတို့ကိုမကောင်းမြင်တတ်လို့ ရှောင်ဖယ်နေတာ ၊ တချိန်လုံးပြောင်းလဲဖို့တွန်းအားပေးနေတာ ၊ ဒီအကျင့်ကဆိုးမှန်းသိပါရက်နဲ့ သူတို့မှာလည်းပြောင်းလဲဖို့အခက်အခဲဖြစ်နေတာကြောင့် နာကျင်ခံစားနေရတယ်လို့ ဆိုလိုချင်တာပါ။ အကျင့်ဆိုးဆိုတာပြင်ရအရမ်းခက်တာ ကိုယ်တွေကိုယ်တိုင်အသိဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့အကျင့်ဆိုးကိုပြုပြင်ချင်စိတ်ရှိတဲ့သူတစ်ယောက်က မကောင်းမြင်တတ်တဲ့သူတစ်ယောက်ရဲ့ ခံစားချက်ကိုပိုပြီးနားလည်ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း သူတို့လိုနာကျင်ခံစားနေရာမို့လို့ပါ။

ဒါကြောင့် လူတွေလုပ်နေကျအတိုင်း မကောင်းမြင်တတ်တဲ့သူတွေကို ရှောင်ဖယ်နေတာထက် သူတို့ဆီကနေကိုယ်ဘာသင်ယူနိုင်မလဲ ၊ သူတို့ကိုကိုယ်ဘယ်လိုကူညီနိုင်မလဲလို့ စဉ်းစားကြည့်ပါလား။

ကိုယ်နဲ့နာကျင်မှုချင်းတူတဲ့သူကို ကြင်နာပေးလိုက်ပါ

ကိုယ်ကလည်းအကျင့်ဆိုးတစ်ခုကိုပြင်ဖို့ ကြိုးစားနေတယ်ဆိုရင် မကောင်းမြင်တတ်တဲ့သူတွေနဲ့ နာကျင်မှုချင်းတူတယ်လို့ပြောခဲ့တယ်မလား။ သူတို့မကောင်းမြင်တယ်ဆိုတာကလည်း သူတို့မှာစိတ်ဖိစီးမှုတွေ ၊ ဝမ်းနည်းမှုတွေ ၊ ယုံကြည်ချက်ပျောက်ဆုံးတာတွေ ၊ မသေချာမရေရာတဲ့ခံစားချက်တွေရှိနေလို့ပါ။ သူလည်းလူသား ကိုယ်လည်းလူသားပဲဆိုတော့ သူခံစားနေရတာတွေကို ကိုယ်လည်းခံစားဖူးမှာပဲ။ ဒီခံစားချက်တွေကဘယ်လောက်နာကျင်တယ်ဆိုတာ နားလည်ပေးနိုင်မှာပဲလေ။ ဒါကြောင့်သူတို့ကို မကောင်းမြင်လို့ဆိုပြီးမရှောင်ဖယ်ဘဲ ငါလည်းနင်နဲ့အတူတူပဲဆိုတာကို သူတို့မြင်အောင် ကိုယ်ချင်းစာတရားနဲ့နေပေးလိုက်ပါ။

ဒီမကောင်းတဲ့အကျင့်ဆိုးကြီးကြောင့် ကိုယ်နဲ့သူကဆက်စပ်နေတယ်ဆိုတာ သဘောပေါက်ပါ

လူတွေကအရမ်းနာကျင်ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဖြေသိမ့်ရမလဲမသိလို့ အပြင်ကိုပေါက်ကွဲပစ်တတ်တယ်။ ဒါကြောင့် စောဒကတက်တာတွေ ၊ ဝေဖန်တာတွေနဲ့ မကောင်းမြင်တာတွေ ဖြစ်လာတာလည်းပါတယ်။ ဒီလိုပွင့်ထုတ်လိုက်တာက အချိန်အတိုင်းအတာတစ်ခုမှာတော့ စိတ်သက်သာရာရစေပေမယ့် အမြဲလိုလိုတော့အကူအညီပေးနိုင်မှာမဟုတ်ဘူး။ သူတို့မှာတင်ဒီလိုခံစားချက်တွေကြောင့်အကျင့်ဆိုးတွေရှိနေတာမဟုတ်ဘူး ၊ လူတိုင်းလိုလိုဒီသံသရာကနေပြေးမလွှတ်ပါဘူး။ ဒါကြောင့် မကောင်းမြင်တတ်တဲ့သူတွေနဲ့ ကိုယ်တွေကလည်းဆက်စပ်နေတယ်လို့ပြောနိုင်တာမို့လို့ သူတို့ကိုမရှောင်ဖယ်သင့်သလို မုန်းစရာလည်းမလိုဘူး ၊ လျစ်လျူရှုစရာလည်းမလိုသလို ရွံ့စရာလည်းမလိုပါဘူး။ အားလုံးကအတူတူပါပဲ။ သူတို့နဲ့ကိုယ်တို့နဲ့ အားနည်းချက်ရှိတာချင်းအတူတူပါပဲ။

သူတို့ရဲ့အလှတရားကိုလည်းမြင်ကြည့်ပြီး သူတို့ကိုချစ်ခင်ပါ

ဟုတ်ပါတယ်။ သူတို့တွေကအရမ်းစိတ်အနှောင့်အယှက်ဖြစ်စေတယ် ၊ သူတို့နဲ့ပေါင်းသင်းဆက်ဆံရတာကရိကထများတယ်။ သူတို့ရဲ့မကောင်းမြင်တတ်တဲ့အကျင့်က ဆိုးရွားတယ်။ ဒါပေမယ့် သူတို့ကိုလူသားအဖြစ်ပုံဖော်နေတာ သူတို့ရဲ့မကောင်းမြင်တတ်တဲ့အကျင့်တစ်ခုတည်းလား။ သူတို့မှာလည်းကြင်နာတတ်တဲ့နှလုံးသားရှိပါတယ် ၊ သူတို့လည်းချစ်တတ်တယ် ၊ ခံစားတတ်တယ် ၊ ပျော်ရွှင်တတ်တယ်။ ပြီးတော့သူတို့မှာ မကောင်းမြင်တတ်တဲ့အကျင့်အပြင် တခြားထူးခြားတဲ့အရည်အချင်းတွေအများကြီးရှိမှာပါ။ မကောင်းမြင်တတ်တာလေးကိုပဲ ကပ်ဖဲ့ပြီးကြည့်မနေဘဲနဲ့ တခြားတောက်ပနေတဲ့အရည်အချင်းတွေကိုပါ တွဲပြီးမြင်ပေးနိုင်မယ်ဆိုရင် သူတို့ကလည်းပေါင်းလို့ပျော်တဲ့လူသားတွေဆိုတာ မြင်လာပါလိမ့်မယ်။

လူတွေပြောကြတယ် မကောင်းမြင်တတ်တဲ့သူတွေကို ရှောင်ပြီးအကျင့်ဆိုးတွေ မကူးစေနဲ့တဲ့။ ကိုယ်ကတော့အဲဒီလိုမလုပ်ချင်ဘူး။ အမှန်အတိုင်းပြောရရင် သူတို့နဲ့ပေါင်းသင်းဆက်ဆံရတာက ကိုယ့်ဘဝကိုပိုပြီးအရသာရှိရှိ ခံစားရစေတယ်လို့ထင်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သာသူများတွေလို မရှောင်ဖယ်သွားဘဲ သူတို့နားမှာနေပေးမယ် ၊ သူတို့ကိုနားလည်ပေးမယ် ၊ သူတို့ရဲ့နာကျင်မှုတွေကို မျှဝေခံစားပေးနိုင်မယ်ဆိုရင် တစ်နေ့မှာသူတို့တွေ အကောင်းမြင်တဲ့သူတွေ ဖြစ်လာနိုင်မယ်လို့ ယုံကြည်မိလို့ပါ။ ကိုယ့်ကြောင့်လူတစ်ယောက်ရဲ့ဘဝ တောက်ပလာနိုင်တာ ၊ ပြောင်းလဲလာနိုင်တာသိရတာ စိတ်မချမ်းသာဘူးလား။

Ref: Zenhabits

Piki (Akhayar)

www.akhayarmedia.com