Broken Blade နေရာမှာ အစားထိုးဖို့ Huni ကို ခေါ်ယူလိုက်တဲ့ TSM LOL

Schalke 04 ကို ပြောင်းရွေ့သွားခဲ့တဲ့ Top Lane ကစားသမား Broken Blade နေရာမှာ အစားထိုး အတွက် LCS ပြိုင်ပွဲဝင် နာမည်ကျော် LOL အသင်း TSM ကတော့ Huni ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ Bjergsen နဲ့ Doublelift တို့ ကစားသမား ဘဝကနေ အနားယူသွားခဲ့ပေမယ့် TSM LOL အသင်းဟာ 2021 LOL ရာသီမှာလည်း အောင်မြင်တဲ့ LOL အသင်း တစ်သင်း အဖြစ် ဆက်လက် ရပ်တည်သွားဖို့ ရည်ရွယ်ပြီး ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်လျက် ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ TSM အနေနဲ့ FlyQuest ရဲ့ နာမည်ကျော် Mid Lane ကစားသမား PowerOfEvil, Suning နဲ့အတူ Worlds 2020 ပြိုင်ပွဲမှာ ဒုတိယနေရာကို ရယူနိုင်ခဲ့တဲ့ Support ကစားသမား SwordArt တို့ကို ခေါ်ယူခဲ့သလို ယခုအခါမှာလည်း EG LOL အသင်းရဲ့ ထိပ်သီး Top Lane ကစားသမား Huni ကို ထပ်မံ ခေါ်ယူအားဖြည့်လိုက်ပြီ ဖြစ်ပါတယ်။
With a name known across the world, he needs no introduction.
— TSM (@TSM) November 30, 2020
Say hello to our new LCS Top Laner for 2021, @Huni 🤝 pic.twitter.com/98ph23CHFJ
Huni အနေနဲ့ LCK ပြိုင်ပွဲဝင် SK Telecom T1 မှာ ရှိနေခဲ့တဲ့ ၁၁ လတာ ကာလ အတွင်းမှာ MSI 2017, LCK Spring Split 2017 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို Worlds 2017 ပြိုင်ပွဲမှာလည်း ဒုတိယဆုကို ရယူနိုင်တဲ့ အထိ အောင်မြင်မှုတွေကို ရရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ LCS ပြိုင်ပွဲဝင် အသင်းတွေဖြစ်တဲ့ Clutch Gaming, Echo Fox, Dignitas, Evil Geniuses စတဲ့ အသင်းတွေကို ပြောင်းရွေ့ခဲ့ရာမှာတော့ ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

TSM LOL အသင်း အနေနဲ့လည်း 2020 Worlds ပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် 2021 Worlds ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ရည်ရွယ်ပြီး အခုလို နာမည်ကျော် ကစားသမား အစုအဖွဲ့နဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာကြောင့် Huni တစ်ယောက် TSM နဲ့အတူ လက်စွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: DotEsports