Fnatic Dota2 အသင်းနဲ့ ထပ်မံ လမ်းခွဲခဲ့တဲ့ Iceiceice နဲ့ Eyyou

SEA အခြေစိုက် နာမည်ကျော် Dota2 အသင်း Fnatic ကတော့ ဆက်တိုက် ဆိုသလို ကစားသမား အဝင်အထွက်တွေ ဖြစ်ပေါ်လို့ နေခဲ့ပါတယ်။ 23savage ကို အသင်းကနေ ထုတ်ပယ်ပြီး Raven ကို ခေါ်ယူခဲ့တဲ့ Fnatic Dota2 အသင်းဟာ အဲဒီနောက်ပိုင်းက စတင်ပြီး အသင်းအတွင်း မတည်မငြိမ် ဖြစ်မှုတွေနဲ့ စတင် ရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက Jabz တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် Eyyou ကို ခေါ်ယူခဲ့တဲ့ Fnatic ဟာ ယခုအခါမှာတော့ အသင်းကနေ ခေတ္တ အနားယူလျက်ရှိတဲ့ Iceiceice တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းနဲ့ အတူ Eyyou နဲ့လည်း ပြန်လည် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။
As part of our Dota 2 restructure we are announcing the departure of @iceiceicedota and @eyyoudota2.
— FNATIC (@FNATIC) September 16, 2020
We wish them all the best for the future. pic.twitter.com/unAmmmsjBr
ဩဂုတ်လ လလယ်ပိုင်းက စတင်ပြီး DPC ရာသီ မစတင်ခင် အချိန်အထိ Fnatic Dota2 အသင်းကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ထားတဲ့ Iceiceice ဟာ ယခုအခါမှာတော့ SEA ပြင်ပ အခြား အသင်း တစ်သင်းမှာ သွားရောက် ကစားဖို့ အတွက် ဆန္ဒရှိလာတာကြောင့် အသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခြင်း မပြုတော့ဘဲ အခုလို ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Eyyou ကို အသင်းကနေ ပြန်လည် ထုတ်ပယ်ခံရတဲ့ အဓိက အကြောင်းအရင်းကိုတော့ ကစားသမားဘက်ကရော အသင်းဘက်ကပါ လက်ရှိအချိန်ထိ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိခဲ့ပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Fnatic ဘက်မှ ပြောကြားချက်များ အရ Fnatic Dota2 အသင်းသစ်ကို အသင်းမှာ ကျန်ရှိနေတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ Raven (Pos 1), Moon (Pos 2), DJ (Pos 4) တို့ အပေါ် မူတည်ပြီး ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ယှဉ်ပြိုင်လျက်ရှိတဲ့ BTS Pro Series 3 မှာတော့ အစားထိုး ကစားသမားတွေဖြစ်တဲ့ Forev (Pos 3), Xepher (Pos 5) တို့နဲ့သာ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် အဆိုပါ ပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ အသင်းနဲ့ ကိုက်ညီမယ့် ကစားသမား ရှာဖွေမှုတွေကို ပြန်လည် ပြုလုပ်ပြီး ယခင် အောင်မြင်ခဲ့တဲ့ Fnatic Dota2 အဖြစ် ပြန်လည် ရပ်တည်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
REF: VpEsports