IESF 12th Esports World Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အားကစားနည်း (၂) မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်

International Esports Federation (IESF) အနေနဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့ Esports ချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အစ္စရေးနိုင်ငံ၊ Eilat မြို့တော်၊ IceMall Arena မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ IESF 12th Esports World Championship ပြိုင်ပွဲမှာ eFootball PES Series, Tekken 7, Dota2 စတဲ့ Esports တွေ ကဏ္ဍတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပြီး မြန်မာနိုင်ငံ အနေနဲ့ Dota2 နဲ့ eFootball PES ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

IESF မှ ကြီးမှူးကျင်းပတဲ့ ၁၂ ကြိမ်မြောက် Esports World Championship ပြိုင်ပွဲမှာ ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း (၆၀) မှ ကိုယ်စားပြု အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ IESF 12th Esports World Championship ပြိုင်ပွဲမှာ နိုင်ငံ ကိုယ်စားပြု အသင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် နိုင်ငံအများစု အနေနဲ့ နိုင်ငံကိုယ်စားပြု ရွေးချယ်ပွဲများကို စတင် ကျင်းပနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားနည်း (၂) မျိုး အတွက် နိုင်ငံကိုယ်စားပြု ကစားသမားတွေ၊ အသင်းတွေ ထွက်ပေါ်လာစေဖို့ အတွက် MESL: Road to EILAT ပြိုင်ပွဲကြီးကို မကြာခင် အချိန်အတွင်း ကျင်းပသွားဖို့ ရည်ရွယ်ထားပြီး စက်တင်ဘာလ (၁၂) ရက်နေ့က စတင်ကာ Register လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မြန်မာ့အလံကို ကမ္ဘာ့အလယ်မှာ လွှင့်ထူဖို့ အခုအချိန်ကျပြီ။ အသေးစိတ်အချက်အလက်များကို ...
Posted by Myanmar Electronic Sports Federation on Thursday, September 10, 2020
MESL: Road to EILAT နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကိုလည်း Myanmar Electronic Sports League Facebook Page ကနေ တစ်ဆင့် ဆက်လက် ကြေညာပေးသွားမှာ ဖြစ်တာကြောင့် နိုင်ငံကိုယ်စားပြု ကစားသမား အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် စက်တင်ဘာလ (၁၂) ရက်နေ့မှာ မမေ့မလျော့ Register လုပ်မိစေဖို့ ဒီနေရာကနေ တစ်ဆင့် တိုက်တွန်းလိုက်ပါရစေ။
Credit: MESF