စိတ်ကူးယဉ်တာ ကောင်းပါတယ်၊ ဒါပေမယ့် လက်တွေ့လည်း အကောင်အထည်ဖော်ပါ
ဘယ်လုပ်ငန်းမဆို Idea စပြီး ချတာကနေ အစပြုကြပါတယ်။ ကနဦး Idea ကောင်းကောင်း ရှိပြီဆိုရင် Planning လုပ်တဲ့ အဆင့်ရောက်လာပါတယ်။ အဲဒီမှာတော့ Business Plan တွေ ချပေ့ါ။ ပြဿနာက ဒီမှာ စတာပါ။ ကနဦး စိတ်ကူးအကြံဉာဏ်တွေ ထုတ်၊ Business Plan တွေ ချပြီး ဘာမှ ဆက်မဖြစ်လာတဲ့သူတွေ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုရင်တော့ ရထားတဲ့ စိတ်ကူး၊ ချထားတဲ့ Plan တွေကို ဆက်အကောင်အထည်မဖော်ဖြစ်ဘဲ အီရော အီရော ပြီးသွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရမ်းကောင်းတဲ့ အကြံဉာဏ်တွေဟာ အကြံဉာဏ်အဖြစ်မှာပဲ ရပ်သွားပြီး အောင်မြင်တဲ့ လုပ်ငန်းအဖြစ် ရောက်ရှိမလာတော့ပါဘူး။
ဒီလို ရပ်တန့်သွားတဲ့နေရာမှာ အခက်အခဲ ၂ ချက်ကြောင့် ဖြစ်လေ့ရှိပါတယ်။ ပထမတစ်ချက်က စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကြောင့် ရပ်တန့်သွားရတာမျိုး ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ မစဉ်းစားဘဲ ဟိုနေ့ လုပ်ရင် ကောင်းမယ်၊ ဒီနေ့ လုပ်ရင် ကောင်းမယ်၊ အကြံက သိပ်မပြည့်စုံသေးဘူး၊ ထပ်ဖြည့်ဖို့ လိုသေးတယ်နဲ့ အကောင်အထည်မဖော်ဖြစ်တာပဲ ဖြစ်ပါတယ်။
ဒုတိယတစ်ချက်က လူတော်တော်များများမှာ ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပြီး အမြဲတမ်း စိတ်ကူးတိုက်အိမ်ဆောက်တာတွေပဲ များပြီး လက်တွေ့မှာ မလုပ်ဖြစ်တဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်က အကြံဦးတာတောင် တွေဝေ စဉ်းစားလွန်း၊ အချိန်ကောင်းစောင့်လွန်းနေတာနဲ့ သူများက ကိုယ့်ထက် လက်ဦးသွားတာကိုလည်း ကြုံနေရသူတွေ ဖြစ်ပါတယ်။
အချိန်စောင့်တတ်တဲ့၊ အချိန်ရွှေ့တတ်တဲ့ ပြီးတော့ ပြီးပြည့်စုံမှ ဖြစ်မယ်ဆိုတဲ့ သူတွေဟာ တကယ်တော့ Comfort Zone မှာ နေလွန်းတဲ့သူတွေ ဖြစ်ပါတယ်။ Comfort Zone မှာ နေတဲ့သူတွေဟာ ဘာဖြစ်လဲ၊ သက်သာမယ်၊ အေးဆေးမယ်၊ ဘဝက ဒုက္ခမများဘူးဆိုပေမယ့် တိုးတက်မှုနှုန်းလည်း နှေးသွားပါလိမ့်မယ်။ ကမ်းကပ်ထားတဲ့ လှေဟာ ပင်လယ်ပြင်ကို ရွက်လွှင့်သွားတဲ့ လှေထက် စိတ်ချရတယ်ဆိုပေမယ့် သူလည်း အချိန်ကြာလာရင်တော့ ဆွေးမြေ့နစ်မြုပ်ရမှာပါပဲ။
တချို့တွေကျတော့ စာတွေ့မှာ အရမ်းတော်လွန်းပြီး ပညာရပ်တွေကို လက်တွေ့အသုံးချဖို့ မလုပ်ဆောင်တာကြောင့် တတ်ထားတဲ့ ပညာဟာ သေဆုံးသွားတဲ့ အဖြစ်ကို နှမြောစရာတွေ့နေရပါတယ်။
ဒါကြောင့် စိတ်ကူးယဉ်တာလည်း ယဉ်ပါ။ ဒါပေမယ့် ဒီစိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ စိတ်ကူးမှာတင် မရပ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖြစ်ဖို့ အနှစ်ချုပ်လိုတာကတော့
စိတ်ကူးအကြီးကြီးတွေ စိတ်ကူးထားလို့ အရင်းအနှီးအကြီးကြီးရမှ လုပ်မယ်ဆိုတာမျိုး မလုပ်ဘဲ ရှိတာလေးနဲ့၊ ရှိတဲ့ အင်အားနဲ့ပဲ စတင်ပါ။
အလုပ်လုပ်ရင်း လိုတဲ့အရာတွေကို ဆက်စိတ်ကူးသွားပါ၊ ဖြည့်ဆည်းပါ။
အမြဲတမ်း Perfect မဖြစ်ချင်ပါနဲ့၊ အချိန်ကောင်း၊ နေရာကောင်းကို စောင့်နေရင်းနဲ့ပဲ အခွင့်အလမ်းကောင်းတွေကို လွတ်သွားတတ်ပါတယ်။
မှားသွားမှာကို မကြောက်ပါနဲ့။ မှားတယ်ဆိုတာ တစ်ခုခုလုပ်နေလို့ပါတဲ့၊ ဘာမှ မလုပ်ဘူးဆိုရင် ဘာမှ မမှားဘူးပေါ့၊ ဒါဟာ လုံးဝမကောင်းပါဘူး။ ကျွန်တော်တို့တွေဟာ အမှားတွေကနေပဲ သင်ခန်းစာယူပြီး ရင့်ကျက်ကြီးပြင်းလာရတာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ကူးယဉ်တာလည်း ယဉ်ပါ၊ စိတ်ကူးတွေကို လက်တွေ့လည်း အကောင်အထည်ဖော်လိုက်ပါလို့ ထပ်လောင်းပြောပြလိုက်ပါရစေ။
Yoe Lu (Akhayar)