ယခု အပတ် LCS ပြိုင်ပွဲရဲ့ အစီအစဥ် တင်ဆက်သူ အဖြစ်ကနေ အနားပေးခံခဲ့ရတဲ့ နာမည်ကျော် Caster CaptainFlowers

League of Legends Championship Series (LCS) ပြိုင်ပွဲရဲ့ နာမည်ကျော် အစီအစဥ် တင်ဆက်သူ တစ်ဦးဖြစ်သူ Clayton “CaptainFlowers” Raines အနေနဲ့ ယခု အပတ် LCS ပြိုင်ပွဲတွေမှာ အစီအစဥ် တင်ဆက်သူ အဖြစ် ပါဝင်ခွင့် ရရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Raines အနေနဲ့ အခုလို အနားပေးခံရခြင်း အကြောင်းအရင်းကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။
“ကျွန်တော် မနက် မိုးလင်းခါနီး အချိန်အထိ Streaming ပြုလုပ်မိခဲ့တယ်။ အဲဒီနောက်မှာ LoL ရဲ့ အစီအစဥ် တစ်ခုဖြစ်တဲ့ This or That အစီအစဥ်ကို သွားရောက်ဖို့ အတွက် သတိရခြင်း မရှိဘဲ အိပ်ပျော်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် အတွက် This or That အစီအစဥ်မှာ ကျွန်တော် ပါဝင်မှာ မဟုတ်သလို အခုလို This or That အစီအစဥ်မှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ယခုအပတ် LCS ပြိုင်ပွဲတွေမှာ အစီအစဥ် တင်ဆက်သူ အဖြစ် ပါဝင်ခွင့်ကိုလည်း Riot Games ဘက်က ရပ်ဆိုင်းခဲ့ပါတယ်။ တာဝန်ရှိ လူကြီးမင်းတွေနဲ့ ကျွန်တော့်ကို အမြဲတမ်း စောင့်မျှော် ကြည့်ရှုနေတဲ့ ပရိသတ်တွေကို စိတ်ပျက်အောင် လုပ်မိတဲ့ အတွက်လည်း ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။”
Today I streamed til way too early in the morning and didn't wake up for my call time for This or That. This week's episode doesn't include me (clearly) and I won't be on the LCS this week as an additional consequence. I apologize to y'all I've disappointed. I should be better.
— Clayton Raines (@CaptainFlowers) February 19, 2020
Raines တစ်ယောက် တာဝန်ကနေ ခေတ္တ ဆိုင်းငံ့ခံရကြောင်း ထုတ်ပြန် ကြေငြာအပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Raines အပေါ် အပြစ်ဒဏ် ချမှတ်မှုက မတရားကြောင်း LoL ပရိသတ်တွေ အကြား ပြောကြားမှုတွေ ရှိလာခဲ့သလို Riot Games အပေါ် အပြစ်တင် ဝေဖန်မှုတွေလည်း ပေါ်ပေါက်လာခဲ့တာကြောင့် Raines အနေနဲ့ ပရိသတ်တွေ နားလည်စေဖို့ အတွက် နောက်တစ်ကြိမ် ထပ်မံ ရှင်းပြခဲ့ရပါတယ်။

“အခုလို ပရိသတ်တွေ အကြား အထင်မြား လွဲမှားမှုတွေ ရှိလာတာကြောင့် ကျွန်တော် အခုလို နောက်တစ်ကြိမ် ထပ်မံ ရှင်းပြရတာပဲ ဖြစ်ပါတယ်။ Riots Games ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့် အနေနဲ့ (၁၀၀) ရာခိုင်နှုန်း လေးစားစွာနဲ့ လက်ခံသွားဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။
ကျွန်တော် ကိုယ်ပိုင် Twitter အကောင့်မှာ ပထမပို့စ်ကို တင်ခဲ့တာ ဆိုတာလည်း ယခုအပတ် ပြိုင်ပွဲတွေမှာ အစီအစဥ် တင်ဆက်သူ အဖြစ် ကျွန်တော် ပါဝင်လာခြင်း မရှိတာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အကြား အထင်အမြင် လွဲမှားမှုတွေ ရှိလာမှာ စိုးရိမ်တာကြောင့် ရှင်းပြခဲ့ရတာ ဖြစ်ပါတယ်။ Riot Games ကို အပြစ်တင်လိုစိတ်နဲ့ ပို့စ်တင်ခဲ့တာ မဟုတ်ပါဘူး။ ယခုဖြစ်ရပ်မှာ အဓိက တာဝန်ရှိသူ ကျွန်တော်ပါ။ ကျွန်တော့် အမှားကြောင့် ပြန်လည် ပေးဆပ်ခဲ့ရတာလို့ပဲ ယူဆပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

အခုလို CaptainFlowers တစ်ယောက် Riot Games ရဲ့ အပြစ်ပေးမှုကို ခံယူခဲ့ရတာကြောင့် LCS Week 5 ပွဲစဥ်တွေကို အစီအစဥ် တင်ဆက်သူ အဖြစ် ပါဝင်ခွင့်ရတော့မှာ မဟုတ်သလို Cloud9 vs CLG, Cloud9 vs Immotals စတဲ့ ပွဲစဥ်တွေမှာ အစီအစဥ် တင်ဆက်သူ အဖြစ် ပါဝင်ခွင့်ကိုလည်း ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။
REF: VpEsports