စိတ်ဓာတ်ကျနေတဲ့ ကိုယ့်ချစ်သူကို ဘယ်လို အားပေးနှစ်သိမ့်မလဲ

စိတ်ဓာတ်ကျနေတဲ့ ကိုယ့်ချစ်သူကို ဘယ်လို အားပေးနှစ်သိမ့်မလဲ

ချစ်သူရည်းစားဆိုတာ အေးအတူပူအမျှ ရှိမှ ခိုင်မြဲအဆင်ပြေမယ့် အရာပါ။ သီချင်းစာသားတောင် ရှိပါသေးတယ်။ “ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကို ဆွဲကိုင်ထား၊ အကျင့်ပါသွားတဲ့အခါ ချစ်သူမရှိတော့ လက်မှိုင်ချ” တဲ့။ ကံဆိုးနေတဲ့ အခါ၊ အလုပ်တွေ အဆင်မပြေတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ ချစ်သူက ဘေးမှာ အေးအတူပူအမျှ မျှဝေပေးနေရင် အဲ့ဒီဒုက္ခဆင်းရဲတွင်းကြီးထဲက ရုန်းထွက်နိုင်ဖို့ ပိုလွယ်ကူပါတယ်။

ဒီတော့ ဘယ်လို နှစ်သိမ့်ကြမလဲ
တိတိကျကျနှစ်သိမ့်ပါ
မဖြစ်နိုင်တာကြီးကို အတင်းဖြစ်နိုင်ပါတယ်၊ မင်းလုပ်နိုင်ပါတယ်လို့ ပြောနေမယ့်အစား တစ်ဆင့်ချင်းစီ ခွဲလုပ်ကြည့်ပါလား၊ အဲဒီလောက် မအောင်မြင်လည်း အတိုင်းအတာတစ်ခုထိတော့ အောင်မြင်မှာပေါ့” စတဲ့ လက်တွေ့ကျတဲ့ အားပေးစကားမျိုး ပြောပါ။

နားထောင်တတ်သူ ဖြစ်ပါစေ
တစ်ခါတလေကျရင် စိတ်ဓာတ်ကျနေတဲ့သူတွေက ခင်ဗျားဆီက တုံ့ပြန်စကား၊ ဒါမှမဟုတ် ဖြေရှင်းချက်ကို နားထောင်ချင်ကြမှာ မဟုတ်ပါဘူး။ သူတို့ လိုတာက သူတို့ ငိုမယ်၊ပေါက်ကွဲမယ်၊ ညည်းတွားပြောဆိုတဲ့ဟာတွေကို သေသေချာချာပြည့်ပြည့်ဝဝ ငြိမ်ပြီး နားထောင်ပေးမယ့်သူတွေကို လိုအပ်နေတတ်တွေ ရှိတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြည့်ပါ
တချို့အရာတွေက ဆေးမြီးတိုနဲ့ ကုနေလို့ မရပါဘူး။ ကိုယ်က ဘယ်လောက်ပဲ အားပေးတတ်တဲ့ ချစ်သူ ဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဆေးဝါးကုသဖို့ လိုတဲ့အချိန်မျိုးဆိုရင် ကျွမ်းကျင်ပညာရှင်တွေဆီကို သွားဖြစ်အောင် သွားဖို့ အကြံပေးပါ၊ ခေါ်သွားမှာပါ။ တချို့ဆရာဝန်လိုအပ်တဲ့အခြေအနေမှာလည်း ပေါ့ပေါ့လေး မထားဘဲ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါဖြစ်နေတဲ့ ရှေ့ပြေးလက္ခဏာတွေကို ဂရုစိုက်ပါ
ကိုယ့်ချစ်သူက ညဘက်တွေ အိပ်မပျော်ဘူးလား၊ အရက်တွေ အရမ်းဖိသောက်နေလား၊ အမြဲတမ်းပင်ပန်းနေပုံပေါ်လား၊ စိတ်ကသိကအောက်ဖြစ်နေပုံပေါ်လား သတိထားပေးပါ။ တစ်ခါတလေ အစစအရာရာအဆင်ပြေနေပေမယ့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေ ရှိတတ်တဲ့အတွက် ဒီလို အချက်တွေ သူ့ဆီမှာ ဖြစ်တာ စိတ်နေပြီဆိုရင် ကြိုတင်ပြင်ဆင်အားပေးထားလို့ ရတာပေါ့။

ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ
စိတ်ညစ်နေတဲ့ လူတစ်ယောက်ကို အားပေးနှစ်သိမ့်ဖို့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ကြည်လင်နေဖို့ လိုပါတယ်။ ဒါမှ သူရစ်တာ ခံနိုင်မယ်၊ သူစိတ်ညစ်သမျှ ရင်ဖွင့်တာ ခံနိုင်မယ်၊ သူ့ကို အားပေးနှစ်သိမ့်ဖို့ ကိုယ့်မှာ အကြည်ဓာတ်လေး ရှိနေမှ ဖြစ်ပါမယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့သူကို အားမပေးခင် ကိုယ့်ကိုယ့်ကိုယ်လည်း ကျန်းမာရေးဂရုစိုက်ပြီး စိတ်ကြည်လင်အောင်ထားပါ။ ဒါမှ ပူသမျှတွေ အတူမျှဝေနိုင်မှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)