T1 Dota2 အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူသွားမယ့် March

နိုင်ငံတကာ အသင်းတွေမှာ နှစ်ပေါင်းများစွာ Pos 5/ Captain အဖြစ် တာဝန်ယူပြီး နောက်မှာတော့ Park “March” Tae Won ကတော့ မွေးရပ်မြေဖြစ်တဲ့ ကိုရီးယားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း လက်အောက်ကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Welcome to the team, March!@DOTA2 팀을 새롭게 이끌 "March" 박태원 감독님을 소개합니다. 팬 여러분들의 많은 응원 부탁드립니다.#T1WIN #T1Fighting pic.twitter.com/JRtY1DUmaa
— T1 (@T1) October 26, 2020
လက်ရှိအချိန်မှာ အသက် (၃၂) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ March ကို T1 Dota2 အသင်းမှာ ကစားသမား အဖြစ် မြင်တွေ့ရမှာ မဟုတ်ဘဲ နည်းပြချုပ် အဖြစ်သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ March အနေနဲ့ cCarter ထွက်ခွာသွားတာကြောင့် လစ်လပ်လျက်ရှိတဲ့ T1 Dota2 အသင်းရဲ့ နည်းပြချုပ်နေရာမှာ ဝင်ရောက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
March ရဲ့ လက်ထောက် အဖြစ်ကိုတော့ T1 Dota2 အသင်း စတင် ဖွဲ့စည်းစဉ် အချိန်ကတည်းက လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ နာမည်ကျော် ကိုရီးယားနိုင်ငံသား Dota2 ကစားသမား Pyo “MP” No A ကသာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

March အနေနဲ့ ယခင်အချိန်တွေတုန်းက ကိုရီးယားနိုင်ငံ အခြေစိုက် Dota2 အသင်း MVP.Phoenix နဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သလို စစ်မှုထမ်းပြီး ကစားသမား ဘဝကို ပြန်လည် ခံယူခဲ့စဉ် အချိန်မှာလည်း Pos5/ Captain တစ်ဦး အဖြစ် အသင်းပေါင်း များစွာကို အထိုက်အသင့် အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင် လမ်းပြနိုင်ခဲ့ပါတယ်။
နောက်ဆုံး ဝင်ရောက် ကစားခဲ့တဲ့ TNC Dota2 အသင်းမှာလည်း 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ချန်ပီယံဆုကို ရရှိအောင် ကူညီ စွမ်းဆောင်ပေးခဲ့သလို ပရိုဖက်ရှင်နယ် Dota2 ကစားသမား အဖြစ် ၁၀ စုနှစ် တစ်ခုနီးပါး ကျင်လည်ခဲ့တာကြောင့် March ရဲ့ အတွေ့အကြုံတွေဟာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ T1 Dota2 အသင်း အတွက် အကျိုးဖြစ်ထွန်းစေမယ်လို့လည်း ယုံကြည်မိပါတယ်။

လက်ရှိအချိန်မှာ T1 Dota2 အသင်းမှာ ကစားသမားဆိုလို့ Pos3 ကစားသမား Sam_H နဲ့ Pos4 ကစားသမား Jhocam တို့သာ ကျန်ရှိတော့တာကြောင့် နည်းပြကြီး March အနေနဲ့ အသစ် ပြန်လည် ဖွဲ့စည်းသွားမယ့် T1 Dota2 အသင်းကို အောင်မြင်တဲ့ SEA အခြေစိုက် Dota2 အဖြစ် ရပ်တည်နိုင်အောင် ကူညီသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming