ငွေရေးကြေးရေးအဆင်ပြေစေဖို့ ငွေပုံမှန်စုနိုင်ဖို့ မဖြစ်မနေသိထားရမဲ့ အလေ့အထကောင်း (၅) ခု

ငွေရေးကြေးရေးအဆင်ပြေစေဖို့ ငွေပုံမှန်စုနိုင်ဖို့ မဖြစ်မနေသိထားရမဲ့ အလေ့အထကောင်း (၅) ခု

ငွေကို အချိန်ပေးပြီး သေချာစုဆောင်းမယ်။ စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ သုံးသင့်သလောက်သုံးပြီး မဖြုန်းဘူးဆိုရင် ကိုယ်စုဆောင်းချင်တဲ့ ငွေကြေးပမာဏကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ရဖို့ ဖြစ်နိုင်ပါတယ်။ ဒါဆို ငွေသေချာစုဖို့ ဘာတွေသိထားဖို့လိုမလဲ၊

(1) လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြားသိပါ။

လတ်တလော ဘာတွေအတွက် ပိုက်ဆံသုံးဖို့ လိုနေလဲ၊ ဘာတွေ ရချင်နေလဲ၊ဘာတွေလိုအပ်နေလဲ၊ စာရင်းချရေးကြည့်ပါ။ ချရေးထားတဲ့အရာတွေထဲက ကိုယ်တကယ် မဖြစ်မနေလိုအပ်နေတာတွေကို အဓိကထားပါ။ မလိုအပ်တာတွေ လိုချင်နေမိတာတွေကို လျော့သုံးပြီး စုဆောင်းတဲ့ အလေ့အကျင့်ကို လုပ်ပါ။

(၂) ငွေဘယ်လောက်သုံးစွဲလဲ၊ ဘာအတွက်သုံးစွဲလဲဆိုတာကို စာရင်းအတိအကျမှတ်ထားပါ။

ဒီလတော့ ငွေကြေးဘယ်လောက်သုံးစွဲခဲ့လဲဆိုတဲ့ Cash flow ကို သေချာစာရင်းလုပ်ထားပါ။ ဒါမှ ဘယ်အရာက ကိုယ့်အတွက် ငွေထွက်ပေါက်လဲဆိုတာ တိတိကျကျသိမယ်။ ကိုယ်ဘယ်နေရာမှာပိုအသုံးများလဲ။ လျော့သင့်မလျော့သင့်ကို တွက်ချက်နိုင်မှာပါ။

(၃) ငွေကို ဘယ်အချိန်မှာ ဘယ်လောက်ရအောင် စုမယ်ဆိုတာ Goalသတ်မှတ်ထားပါ။

ဦးတည်ချက်မရှိဘဲ ဘာကိုပဲလုပ်လုပ် မထိရောက်ပါဘူး။ ငွေစုတဲ့အခါလည်း အဲလိုပါပဲ။ နောက် ၆ လအတွင်း ငွေ ၁၀ သိန်းရအောင်စုမယ်ဆိုတာမျိုး သတ်မှတ်ထားပါ။ ငွေအရေအတွက် ဘယ်လောက်၊ အချိန် ကာလ ဘယ်လောက်ဆိုတာပါပါစေ။

(၄) ခြွေတာပါ။

တတ်နိုင်သလောက် ခြွေတာပါ။ မလိုအပ်ပဲ တက်စီစီးမယ့်အစား လမ်းလျောက်နိုင်ရင် လျောက်လိုက်ပါ။ တစ်ခါကို ငွေကျပ် ၁၀၀ လောက် ခြွေတာလိုက်ရင် ၁၀ခါဆို ၁၀၀၀ပါ။ အခေါက် ၁၀၀ဆို ၁၀,၀၀၀ကျပ်ပါ။ ရေရှည်အတွက်ဆို ငွေ ၅၀ ၁၀၀ ကလဲ တကယ်တန်ဖိုးရှိပါတယ်နော်။

(၅) တတ်နိုင်သလောက် အပြင်စာမစားပါနဲ့။ အပြင်မသွားပါနဲ့။

အိမ်မှာပဲ ကိုယ်တစ်နေ့တာဘာစားမလဲဆိုတာ သေချာပြင်ဆင်ပါ။ ငွေကုန်ပေါက်က အပြင်စာစားတာကနေလည်း စပါတယ်။ အပြင်တစ်ခေါက်သွားလိုက်ရင်လည်း ထင်ထားတာထက် ပိုကုန်တတ်တာ သဘာဝပါ။

ဒီလောက်ဆို ငွေကြေးကောင်းကောင်းစုဆောင်းဖို့ အကြံဉာဏ်ကောင်းလေးတွေ ရပြီလို့ ထင်ပါတယ်။

Photo Credit- Pixabay.com

Kelly (Akhayar Lifestyle)