ခံစားချက်တွေကို အရောင်တွေအသုံးပြုပြီး ဘယ်လိုပြောင်းလဲကြမလဲ

ခံစားချက်တွေကို အရောင်တွေအသုံးပြုပြီး ဘယ်လိုပြောင်းလဲကြမလဲ

အရောင်တွေက လူတွေကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ခါတလေ အရောင်တွေကြောင့် စိတ်ရွှင်လန်းပျော်ရွှင်လာတာလည်းရှိသလို အရောင်တွေကြောင့်ပဲ စိတ်ပျက်ငြီးငြူမိသွားတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ သိပ်ပြီး မသိသာပေမယ့် အရောင်တွေက သင့်ရဲ့ ခံစားချက်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒီတော့ ဘယ်လိုအရောင်တွေက သင်ရဲ့ခံစားချက်ကို ဘယ်လိုပြောင်းလဲနိုင်သလဲဆိုတာ ကြည့်ရအောင်။

အနီရောင်
တစ်ခုခု ဂရုပြုစေဖို့ ရည်ရွယ်တဲ့နေ့မျိုးမှာဆိုရင် အနီရောင်ကို ရွေးချယ်ပါ။ အနီရောင်ရဲ့ ပင်ကိုယ်စွမ်းအင်ကိုက တခြားသူတွေ ဂရုပြုမှုကို ရရှိစေတာပါ။ စိတ်အားပြင်းပြစေတယ်။ ဆွဲဆောင်မှုရှိစေတယ်။ ဒါပေမယ့် အရမ်းစိတ်ရှုပ်နေတဲ့အချိန်မှာတော့ ပြင်းပြတဲ့အနီရောင်ကို ရှောင်သင့်ပါတယ်။

လိမ္မော်ရောင်
အနီရောင်လိုပါပဲ။ လိမ္မော်ရောင်ဟာလည်း စိတ်ဓာတ်ပြင်းပြမှုနဲ့ စိတ်အားထက်သန်မှုကို ကိုယ်စားပြုပါတယ်။ အနီလောက်လည်း ရဲရဲမတောက်ချင်ဘူးဆိုရင် အနီရောင်ထက် နည်းနည်းနူးညံ့တဲ့ လိမ္မော်ရောင်ကို ရွေးချယ်သင့်ပါတယ်။

အဝါရောင်
အဝါရောင် ဝတ်ထားတဲ့နေ့ဟာ တမျိုးဆန်းနေတဲ့နေ့ဆိုတာ မမေ့ပါနဲ့။ စိတ်ပျက်စရာကောင်းတဲ့နေ့မျိုးမှာ အဝါရောင်ဝတ်ပြီး တက်ကြွလိုက်ပါ။ အဝါရောင်ဟာ ဉာဏ်ပညာနဲ့ စိတ်ကူးကွန့်မြူမှုတွေကို ကိုယ်စားပြုပါတယ်။ ဒါကြော်င့ အနုပညာကို ချစ်မြတ်နိုးသူတွေဟာ အဝါကြိုက်တာ ဖြစ်လောက်မယ်။

အစိမ်းရောင်
အစိမ်းရောင်က တည်ငြိမ်တယ်။ နူးညံ့တယ်။ နောက်ပြီးတော့ သာယာတယ်။ သူက သဘာဝတရားကြီးနဲ့ အပြင်ဘက်ကမ္ဘာကို ကိုယ်စားပြုနေပါတယ်။ အစိမ်းရောင် ဝတ်သွားတဲ့နေ့တွေဟာ ပေါ့ပါးလွတ်လပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ သက်တောင့်သက်သာလည်း ဖြစ်စေပါတယ်။

အပြာရောင်
အပြာရောင်ဟာ ငြိမ်းချမ်းတယ်။ နူးညံ့တယ်။ တည်ငြိမ်တယ်။ ပြီးတော့ အေးမြစေတယ်။ သူ့ဆီမှာ ဂုဏ်သတ္တိတွေ အများကြီးပဲနော်။ စိတ်ဖိစီးမှုအရမ်းများပြီး စိတ်ညစ်နေတဲ့နေ့မျိုးတွေမှာ အပြာရောင်ကို လှိုင်လှိုင်အသုံးပြုသင့်ပေမယ့် ဝမ်းနည်းနေတဲ့နေ့တွေမှာတော့ “Blue” ဆိုတဲ့အတိုင်း ပိုဝမ်းနည်းစေမှာမို့ ရှောင်သင့်ပါတယ်။ အပြာရောင်က ခံစားတတ်ရင် စိတ်ကူးကွန့်မြူးနိုင်တဲ့ အဓိကအရောင်ထဲမှာ ပါဝင်တာမို့ သုံးတတ်ရင် Creative ဖြစ်ပါသေးတယ်။

ခရမ်းရောင်
ခရမ်းရောင်ကို အထက်တန်းကျတဲ့အရောင်လို့ ဆိုကြပါတယ်။ သူ့ရဲ့ ဂုဏ်သတ္တိတွေကတော့ ကြီးကျယ်မြင့်မြတ်ခြင်းနဲ့ အမျှော်အမြင်ကြီးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းရောင်ဟာ သင့်ကိုယ်သင် ပိုပြီးဂုဏ်ယူစေနိုင်တဲ့အပြင် ပိုပြီးလည်း ယုံကြည်မှုရှိစေပါတယ်။ တစ်စုံတစ်ရာ ဆုံးဖြတ်စရာရှိတဲ့နေ့မျိုးဆိုရင် ခရမ်းရောင်ဝတ်သွားခြင်းအားဖြင့် သင့်ကို လူတွေ ပိုမိုယုံကြည်ကိုးစားစေမှာပါ။

ပန်းရောင်
ပန်းရောင်ဆိုတာကတော့ ကောင်မလေးတစ်ယောက်လို့ပဲ ပြောရမှာပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပြီးတော့ လူကို ပျော့ပျောင်းနူးညံ့စေမှာပါ။ ဒါကြောင့်ပဲ ဆုံးဖြတ်ချက်ချစရာရှိရင် ပန်းရောင်ဝတ်ပြီး မဆုံးဖြတ်ပါနဲ့လို့ ဆိုကြပါတယ်။ ဒါပေမယ့် ချစ်သူနဲ့ အတူတူသွားတွေ့ဖို့အတွက်ဆိုရင်တော့ အသင့်တော်ဆုံးအရောင်ပါပဲ။

အဖြူရောင်
ပူလွန်းရင် အဖြူဝတ်ပါ။ အဖြူက အေးမြလန်းဆန်းစေမှာပါ။ သန့်စင်တယ်၊ ငြိမ်းချမ်းတယ်၊ ဖြူစင်တယ် ပြီးတော့ ရိုးရှင်းတယ်ဆိုတဲ့ အဓိပ္ပာယ်တွေကို ဆောင်ယူလာတဲ့အဖြူရောင်ဟာ စိတ်အေးချမ်းသာဖို့အတွက် အသင့်တော်ဆုံးပါပဲ။ ပြင်ပက အပူတွေအပြင် ရင်ထဲက အပူတွေကိုပါ မောင်းထုတ်ပေးနိုင်ပါတယ်။ နောက်ပြီး သူ့ရဲ့ အားသာချက်ကတော့ ဘယ်အရောင်နဲ့တွဲတွဲ အရမ်းလိုက်ဖက်နေတာပါပဲ။

အနက်ရောင်
အလုပ်ကိစ္စနဲ့ ပတ်သက်ရင် အနက်ရောင်ကို ရွေးချယ်ရမယ်လို့ ဆိုကြပါတယ်။ လူကြီးတစ်ယောက်ယောက်နဲ့ သွားတွေ့တာပဲဖြစ်ဖြစ်၊ အလုပ်အင်တာဗျူးသွားတာပဲဖြစ်ဖြစ်ပေါ့။ အနက်ရောင်က အားမာန်၊ တာဝန်ယူမှု၊ ိစတ်ဓာတ်ပြင်းပြမှုတို့ကို ကိုယ်စားပြုပါတယ်။ အနက်ရောင်တွေက လူကို မိုက်သွားစေသလို ခပ်ဟော့ဟော့လေးလည်း ဖြစ်စေပါတယ်။ တစ်ဖက်ကကြည့်ရင်တော့ အယူအဆတချို့ရဲ့ ဝမ်းနည်းခြင်းအရောင်ဖြစ်လို့ ပျော်ပွဲရွှင်ပွဲတွေနဲ့တော့ သိပ်မလိုက်ဖက်ပါဘူး။

အခုဆိုရင် အရောင်တွေကို အသုံးပြုပြီး စိတ်ခံစားချက်တွေ ပြောင်းလဲသွားအောင် ဘယ်လိုလုပ်ရမလဲ၊ ပြီးတော့ ဘယ်နေရာကိုသွားရင် ဘယ်အရောင်ကို ရွေးချယ်ဝတ်ဆင်သင့်လဲဆိုတာတွေကို သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ ကိုယ်ကတော့ အဝါရောင်ကို အကြိုက်ဆုံးပါ။ အခရာပရိသတ်တွေရော ဘယ်အရောင်အကြိုက်ဆုံးလဲဆိုတာ ပြောပြပါဦး။

(Photo Credit)

Moethaesay (Akhayar)