အမေရိကန်နိုင်ငံမှာ လူငယ် (၅၃) ရာခိုင်နှုန်းဟာ မိဘအုပ်ထိန်းသူဆီက လက်ဖြန့်တောင်းတုန်းပါတဲ့

အမေရိကန်နိုင်ငံမှာ လူငယ် (၅၃) ရာခိုင်နှုန်းဟာ မိဘအုပ်ထိန်းသူဆီက လက်ဖြန့်တောင်းတုန်းပါတဲ့

၂၁ ရာစုခေတ်မှာ လူသားတွေဟာ စားဝတ်နေရေးအတွက် ပိုရုန်းကန်လေ့ရှိတယ်။ ၂ဝ ရာစုခေတ်တွေမှာ စားဝတ်နေရေးပဲ ရုန်းကန်ခဲ့ရာမှ ဒီနေ့ခေတ်မှာတော့ ဇိမ်ခံပစ္စည်းတွေနဲ့ တခြားပကာသနဘက်တွေပါ အာရုံစိုက်ရတော့ အရင်ကထက် ပိုကြပ်တည်းရတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အသက် (၂ဝ) ကျော်ပြီဆို အများစုက ဘွဲ့ ရကြပြီ။ ဘွဲ့ ရပေမယ့် မိဘအုပ်ထိန်းသူရဲ့ အထောက်အပံ့က ကင်းလွတ်ပြီလို့ မထင်လိုက်လေနဲ့။ တက္ကသိုလ်က သင်ပေးလိုက်တဲ့ ပညာရပ်တွေဟာ လုပ်ငန်းခွင်အတွက် အဆင်သင့်မဖြစ်လေတော့ သင်တန်းတွေ ပြန်တက်ရတယ်။ သင်တန်းပြီးတာနဲ့ အလုပ်ဝင်တဲ့အခါမှာလည်း လစာနဲ့ အသုံးစရိတ်က မကာမိလေတော့ မိဘနှစ်ပါးဆီမှာ လက်ဖြန့်တောင်းနေရတာပါပဲ။ ဒီအချက်ဟာ မျက်မှောက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ အမှန်တရားပါ။ ခါးသီးပေမယ့် လက်ခံနေရတာပါပဲ။

မြန်မာနိုင်ငံဟာ ဖွံ့ ဖြိုးဆဲနိုင်ငံဖြစ်လေတော့ ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ထင်မှတ်ခဲ့ဘူးတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ တခြားဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာ ပညာရေးလည်း မြင့်မားကြလို့ အသက် (၂ဝ) ကျော်လာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ်လို့ ထင်မှတ်ဖူးတယ်။ သူတို့နိုင်ငံတွေမှာက အခြေခံလုပ်ခကအစ တအားမြင့်ကြတာကိုး။ ဒါပေမယ့် သူတို့နိုင်ငံမှာလည်း စားဝတ်နေရေးအတွက် ရပ်တည်ရတာ မလွယ်ပါဘူး။ “ရေမြင့် ကြာမြင့်” ဆိုသလိုပါပဲ။ ဝင်ငွေမြင့်ပေမယ့် တခြားလူနေမှုစရိတ်တွေက မြင့်လာလို့ သူတို့တွေလည်း မလွယ်လှပါဘူး။

အမေရိကန်နိုင်ငံမှာ အသက် (၂၁) နှစ်မှ (၃၇) နှစ်ကြားမှာရှိတဲ့ လူငယ် (၅၃) ရာခိုင်နှုန်းဟာ မိဘအုပ်ထိန်းသူတွေဆီက အထောက်အပံ့ယူနေရတုန်းလို့ Country Financial Security Index အရ သိရတယ်။ သတင်းကောင်းတော့ မဟုတ်ပါဘူး။ အဲဒီအထဲကမှ (၃၇) ရာခိုင်နှုန်းဟာ မိဘအုပ်ထိန်းသူဆီကို လစဉ်ပြန်တောင်းကြရတယ်တဲ့။ ပြီးတော့ (၅၉) ရာခိုင်နှုန်းက တစ်နှစ်မှာ နှစ်ကြိမ်အထိကို မိဘဆီမှာ ပိုက်ဆံ ပြန်တောင်းရပါတယ်။ အထူးသဖြင့် အိမ်ငှားခ၊ စားစရိတ်နဲ့ တခြားအတိုအထွာတွေကြောင့်ပေါ့။

ဒီနေ့ခေတ် လူကြီးတွေ လူငယ်ဘဝတုန်းက ရင်ဆိုင်ရတဲ့ အိမ်စရိတ်ထက် ဒီနေ့ခေတ်လူငယ်တွေက ရှင်းကြရတဲ့ အိမ်စရိတ်တွေက ပိုများတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပြီးတော့ ငွေကြေးဖောင်းပွမှုကို တွက်ချက်ထားပြီးတာတောင် ၁၉၆ဝခုနှစ်တွေမှာ သာမန်အိမ်တစ်လုံးကို ဒေါ်လာ ၅၈၈ ဝန်းကျင်နဲ့ ငှားနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ အိမ်လခက ဒေါ်လာ ၁,၆ဝဝ အထိကို ဖြစ်လာတာပါ။ ငွေကြေးဖောင်းပွမှုကို တွက်ချက်ထားတာတောင် သုံးဆနီးနီးတက်လာတဲ့သဘောပဲ။ ဒီအချက်တွေဟာ ၂ဝ၁ဝခုနှစ်ဝန်းကျင်မှာ ဖြစ်သွားခဲ့တဲ့ ကမ္ဘာတလွှားမှာ စီးပွားရေးကျဆင်းမှုရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်လူငယ် (၁ဝ) ယောက်မှာ (၉) ယောက်က လိုအပ်တာတွေထက် လိုချင်တာတွေကို ဝယ်ယူကြတယ်လို့ သိရပြန်တယ်။ ပြီးတော့ အသက် (၂၁) နှစ်မှ (၃၇) နှစ်ကြားမှာရှိတဲ့ လူငယ် (၈) ယောက်မှာ (၁) ယောက် အနာဂတ်ကို ကြိုမတွေးဘူးတဲ့။ ကဲ . . . အမေရိကန်နိုင်ငံမှာလည်း ဝင်ငွေမြင့်ပေမယ့် အသုံးနဲ့အဖြုန်းကို မခွဲခြားတတ်လေတော့ လူငယ်တွေဟာ မိဘတွေဆီက ပိုက်ဆံပြန်တောင်းနေကြရတဲ့ သဘောပါပဲ။

Reference and Photo Credit – Country Financial Security ၊ Business Insider

ကျော်စိုးအောင် (အခရာ)