ဂုဏ်သိက္ခာအကြီးမားဆုံး ရုပ်ရှင်ထူးချွန်ဆု (၅) မျိုး

ဖျော်ဖြေရေးကဏ္ဍမှာတော့ ရုပ်ရှင်ဟာ လူကြိုက်များတဲ့ ရေစီးကြောင်းတစ်ခုပါ။ ဒါ့ကြောင့် နိုင်ငံအသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ ရုပ်ရှင်ကားတွေ ထုတ်လုပ်နေပြီး ပရိသတ်တွေကို ဖမ်းစားနေကြပါတယ်။ ပြီးတော့ ထူးချွန်ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း အဖွဲ့အစည်းအမျိုးမျိုးက ရုပ်ရှင်ထူးချွန်ဆုအနေနဲ့ ချီးမြှင့်လေ့ရှိပါတယ်။ ဒါ့ကြောင့် သရုပ်ဆောင်တွေဟာ ထူးချွန်လာရင် အဖွဲ့ အစည်းအမျိုးမျိုးက ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကို လက်ခံနေကြရတာပါ။ ဒါပေမယ့် ဆုတံဆိပ်ရဲ့ သက်တမ်း၊ ပရိသတ်အသိအမှတ်ပြုမှု၊ တရားမျှတမှုနဲ့ မီဒီယာဖော်ပြမှုအပေါ်မူတည်ပြီး ဂုဏ်သိက္ခာတွေက ကွာခြားပါသေးတယ်။ အခုဖော်ပြမှာတော့ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံး ရုပ်ရှင်ထူးချွန်ဆု (၅) မျိုးအကြောင်းပါ။

(၅) Filmfare Awards
အခုနောက်ပိုင်းမှာ ရုပ်ရှင်ချစ်သူတွေက Bollywood ကားတွေကို တန်ဖိုးထားလာကြပါတယ်။ အိန္ဒိယနိုင်ငံက ရုပ်ရှင်ပညာရှင်တွေက ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ရိုက်ချက်တွေကို အသေအချာလုပ်လာကြတော့ ပရိသတ်တွေအတွက် ဖျော်ဖြေရေးလည်း ဆန်သလို ပညာလည်း ရကြပါတယ်။ တခြားရုပ်ရှင်နယ်ပယ်တွေနဲ့ မတူတဲ့အချက်က Bollywood ကားတွေက ဇာတ်အိမ်ခိုင်ကြတာပါ။ ဆယ်မိနစ်လောက်သာ ကြည့်လိုက်ရင် မထချင်လောက်အောင် ပရိသတ်တွေကို စွဲဆောင်နိုင်ပါတယ်။ Filmfare Awards ဆုပေးပွဲကို ၁၉၅၄ခုနှစ် မတ်လ (၂၁) ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ပြသခဲ့ကြတဲ့ ဟင်ဒီစကားပြောရုပ်ရှင်တွေထဲကမှ အနုပညာရှင်တွေကို ပရိသတ်မဲအရေအတွက်နဲ့ ပညာရှင်တွေရဲ့ မှတ်ချက်တွေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပါ။

(၄) Cannes Film Festival Palme D’or Award
Palme D’or Award ဆိုတာက ပြင်သစ်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ Cannes Film Festival ရဲ့ အမြင့်ဆုံးဆုပါ။ ၁၉၅၅ခုနှစ်တည်းက စတင်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်ရဲ့ ဒါရိုက်တာကို ရွေးချယ်ပေးအပ်တာပါ။ Cannes Film Festival ရဲ့ ဘုတ်အဖွဲ့ က ရွေးချယ်ခန့်အပ်ထားတဲ့ ဂျူရီအဖွဲ့ ကပဲ ဆုံးဖြတ်တာဖြစ်ပါတယ်။ Cannes Film Festival ဟာ Venice Film Festival နဲ့ Berlin International Film Festival နည်းတူ “Big Three Festival” ဖြစ်တာကြောင့် ဒါရိုက်တာတွေကို ပေးအပ်တဲ့ Palme D’or Award ဟာလည်း ဂုဏ်သိက္ခာအကြီးမားဆုံး ဆုတံဆိပ်ထဲမှာ အကျုံးဝင်နေတာပါ။

(၃) Golden Globe Awards
Golden Globe Awards ကို ဂုဏ်သိက္ခာအကြီးမားဆုံးရုပ်ရှင်ဆုစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပေမယ့် သူက ရုပ်ရှင်တစ်ခုတည်းကို ချီးမြှင့်တာ မဟုတ်ပါဘူး။ ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ထုတ်လွှင့်ပြသသွားတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုပါ ဆုပေးတာဖြစ်ပါတယ်။ Hollywood Foreign Press Association (HFPA) က ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ထူးချွန်သူတွေကို Golden Globe Awards အနေနဲ့ ၁၉၄၄ခုနှစ်မှာ စတင်ပေးအပ်ခဲ့ပါတယ်။ Golden Globe Awards ဆုဟာ Academy Awards မတိုင်ခင် ဇန်နဝါရီလမှာ ကျင်းပလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ပြသခဲ့တဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဘုတ်အဖွဲ့ ဝင် (၉၃) ဦးက ဆုံးဖြတ်တာဖြစ်ပါတယ်။

(၂) BAFTA Awards
BAFTA (British Academy of Film and Television Arts) Awards ကို ၁၉၄၉ခုနှစ်မှာ စတင်ပေးအပ်ခဲ့တယ်။ ကမ္ဘာတလွှားက ထွက်ရှိခဲ့ကြတဲ့ ရုပ်ရှင်တွေထဲကမှ အကောင်းဆုံးအနုပညာရှင်တွေကို ရွေးချယ်ပေးအပ်တယ်။ နိုင်ငံတကာမှ အဖွဲ့ ဝင်ပေါင်း (၆,၅ဝဝ) ကျော်က မဲပေးဆုံးဖြတ်တာပါ။ အရင်တုန်းကဆိုရင် ဆုပေးပွဲဟာ ဧပြီ ဒါမှမဟုတ် မေလမှာ ကျင်းပလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာ Academy Awards မတိုင်ခင် ဖေဖော်ဝါရီလမှာပဲ ကျင်းပပါတော့တယ်။ ဒါ့ကြောင့်မို့ အနုပညာရှင်တစ်ဦးဟာ Golden Globe Awards နဲ့ BAFTA Awards ကိုရရှိသွားရင် မကြာခင်ကျင်းပမယ့် Academy Awards ကိုလည်း ဆွတ်ခူးဖို့ သေချာသလောက်ရှိသွားပါပြီ။

(၁) Academy Awards
Oscar လို့ခေါ်ကြတဲ့ Academy Awards ကို Academy of Motion Picture Arts and Sciences (AMPAS) အဖွဲ့အစည်းက ရုပ်ရှင်နယ်ပယ်ရဲ့ ကဏ္ဍ (၂၄) ခုမှ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်တာဖြစ်ပါတယ်။ ၁၉၂၉ခုနှစ်တည်းက စတင်ကျင်းပလာပြီး ဆုတံဆိပ်သက်တမ်းက (၉ဝ) နှစ်ရှိပြီလို့ ဆိုနိုင်ပါတယ်။
ရုပ်ရှင်နယ်ပယ်မှာ သက်တမ်းအရင့်ဆုံးထူးချွန်ဆုဖြစ်သလို သြဇာအကြီးမားဆုံးဆုကြီးလည်း ဖြစ်ပါတယ်။ Oscar ပွဲကြီး ကျင်းပတော့မယ်ဆိုရင် ရုပ်ရှင်ပရိသတ်တွေက စောင့်ကြည့်ကြတယ်၊ သရုပ်ဆောင်တွေအတွက် ရင်ခုန်ကြတယ်။ အကောင်းဆုံးရုပ်ရှင်တွေထဲက အထူးချွန်ဆုံးကို ထပ်ရွေးတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဆုချိတ်ဖို့ မလွယ်ဘူး။ ဒီစာရင်းမှာတော့ Hollywood ရဲ့ Academy Awards က နံပါတ် (၁) ပဲ။
Reference and Photo Credit – New York Film Academy ၊ CBS ၊ ABC ၊ Wikipedia
ကျော်စိုးအောင် (အခရာ)