ကိုယ့်ဘဝရဲ့ ဘယ်လိုအချိန်မျိုးတွေကို ဓာတ်ပုံသေချာရိုက်ယူထားသင့်လဲ

ကိုယ့်ဘဝရဲ့ ဘယ်လိုအချိန်မျိုးတွေကို ဓာတ်ပုံသေချာရိုက်ယူထားသင့်လဲ

ဓာတ်ပုံတွေဟာ အတိတ်ကို ပြန်သွားလို့ရတဲ့ တစ်ခုတည်းသော Time Machine လို့ ဆိုကြပါတယ်။ ဒါဟာ ၂၀ရာစုက အဆိုပေါ့။ အခုတော့ Video တွေရော၊ Social Media တွေရော နေရာတကာကနေ အတိတ်ကို ပြန်သွားလို့ရနေပါပြီ။ ဒါတွေ ထားလိုက်ပါ။ အခုဟာက ဓာတ်ပုံအကြောင်းပဲ ပြောမှာမို့လို့။ တခြား Video တွေ ဘယ်လောက်ပဲs လွယ်လင့်တကူ မှတ်တမ်းတင်လို့ ရနေပါစေ။ ဓာတ်ပုံရိုက်တဲ့အလေ့အထကလည်း တိမ်ကောသွားတယ်လို့ မရှိပါဘူး။ ပိုလှတဲ့ဓာတ်ပုံတွေ၊ ပိုမိုက်တဲ့ဓာတ်ပုံတွေတောင် ရိုက်ယူလာကြပါတယ်။ အခုခေတ်လို လူတိုင်းရဲ့ လက်ထဲမှာ ဖုန်းတစ်ယောက်တစ်လုံးဆီ ပိုင်ဆိုင်ထားကြတာတောင်မှ ဘဝမှာ အခွင့်အရေးမကြုံလို့ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ရတာမကြိုက်လို့ပဲဖြစ်ဖြစ် တစ်ခါမှ ဓာတ်ပုံကောင်းကောင်း မရိုက်ဖြစ်တဲ့သူတွေလည်း ရှိမှာပါ။ အားလုံးကိုပဲ ပြောချင်ပါတယ်။ ကိုယ်က ဓာတ်ပုံရိုက်ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ မပါဘူးပဲဖြစ်ဖြစ် ဘဝမှာ ဓာတ်ပုံကောင်းကောင်းရိုက်သင့်တဲ့အချိန်တွေဆိုတာ သပ်သပ်ရှိပါတယ်။ ဘဝတစ်ခုလုံးအတွက်ပေါ့။ အဲဒါတွေက ဘယ်လိုအချိန်တွေဖြစ်မလဲ။

1.ဘွဲ့ယူတဲ့အချိန်

ဘွဲ့ဓာတ်ပုံက လူတိုင်း သည်းခြေကြိုက်ပါပဲ။ ဘွဲ့ယူတဲ့နေ့တော့ လူတိုင်း ဓာတ်ပုံရိုက်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဓာတ်ပုံဆရာခပ်မိုက်မိုက်လေးတွေကလည်း အများကြီး ပေါ်လာသလို Idea အသစ်အဆန်းတွေနဲ့ အမိုက်စားရိုက်ယူထားဖို့တော့ လိုအပ်ပါသေးတယ်။ လိုင်စင်ပုံသာသာ ဘွဲ့ဓာတ်ပုံလောက်နဲ့ မကျေနပ်နေစေချင်ပါဘူးနော်။ သူငယ်ချင်းတွေရော၊ မိသားစုရော၊ တစ်ယောက်တည်းရော ပုံတွေ အစုံအလင်ပါဖို့ ပိုက်ဆံမနှမြောသင့်တဲ့အချိန်ပါ။

2.မိသားစုစုံလင်တဲ့အချိန်

အနောက်နိုင်ငံမှာတော့ မိသားစုတိုင်းလိုလိုမှာ မိသားစုဓာတ်ပုံတွေရှိကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ရာဇဝင်နဲ့ မျိုးရိုးကို ဖော်ကျူးဖို့ အဓိကသက်သေပဲ မဟုတ်လား။ မိသားစုတွေ စုံပြီး ကျန်းကျန်းမာမာရှိတုန်း မိသားစုဓာတ်ပုံရိုက်ပါ။ မိန်းကလေးတွေချည်းသက်သက်၊ ယောက်ျားလေးတွေချည်းသက်သက်၊

မိသားစုတွေအားလုံးစသည်ဖြင့် ဘက်ပေါင်းစုံကနေ ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာ ရိုက်ထားပါ။ ဘဝမှာ ကိုယ်ချစ်ရတဲ့မိသားစုမရှိတော့တဲ့အချိန်မှာ နောင်တမရအောင်လို့ပေါ့။

3.မင်္ဂလာဆောင်တဲ့အချိန်

အခုနောက်ပိုင်းကတော့ မင်္ဂလာဆောင်မှ မဟုတ်ပါဘူး။ Pre-Wedding တွေတောင် ရိုက်လာကြတယ်ဆိုတော့ မှာစရာမလိုလောက်ပါဘူးနော်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Pre- Wedding ဓာတ်ပုံတွေ မရိုက်လိုက်ရလည်း ကိစ္စတော့ မရှိပါဘူး။ ကိုယ့်ရဲ့ မင်္ဂလာဝတ်စုံနဲ့ နှစ်ကိုယ်တွဲဓာတ်ပုံလေးတွေတော့ များများစားစားရိုက်ထားလိုက်ပါ။ ဒါဟာ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးအပြောင်းအလဲကို စတင်လိုက်တဲ့အခမ်းအနားလေ။

4.ကိုယ်ဝန်ဆောင်တဲ့အချိန်

မိသားစုရေးရာနဲ့ ပတ်သက်လို့ ဓာတ်ပုံရိုက်ယူထားသင့်တဲ့အချိန် နောက်တစ်ချိန်ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်ပါ။ အနောက်တိုင်းမှာဆိုရင် ကလေးမီးဖွားချိန်တွေကိုပါ မှတ်တမ်းယူလေ့ရှိပါတယ်။ ဒီလိုမဟုတ်တောင် ကိုယ်ဝန်ဆောင်ပြီး တော်တော်လေး လရင့်လို့ ဗိုက်ထွက်နေတဲ့အချိန်မျိုးမှာ ကိုယ့်တစ်ယောက်တည်းရော၊ ချစ်ရတဲ့ခင်ပွန်းနဲ့ရော၊ လူလောကကြီးထဲမရောက်လာသေးတဲ့ ဗိုက်ထဲက ကလေးလေးနဲ့ပါ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ထားသင့်ပါတယ်။

5.ခရီးသွားတဲ့အချိန်

အဲဒီလိုပြောလို့ ခရီးသွားတိုင်း ဓာတ်ပုံတွေချည်း လှိမ့်ရိုက်နေရမယ်လို့ မဆိုလိုပါဘူး။ ရိုက်နိုင်ရင်တော့ ကောင်းတာပေါ့။ (ဟီဟီး) ဒါပေမယ့် ခရီးတစ်ခုသွားတိုင်းတော့ ကိုယ် ဘယ်ရောက်နေလဲဆိုတာကို ပေါ်လွင်တဲ့အမိုက်စားဓာတ်ပုံတစ်ပုံပါအောင်တော့ ရိုက်ယူခဲ့ပါ။ ဒါဟာ ကိုယ် ဘယ်လောက်တောင်

ခရီးသွားပြီး ပျော်ရွှင်ခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ်အဖြစ် ခရီးတိုင်းကို မှတ်သားသွားလို့ရပါတယ်။

6.မွေးနေ့လုပ်တဲ့အချိန်

ကလေးတုန်းက မွေးနေ့ဓာတ်ပုံလေးတွေဟာလည်း အမှတ်တရပါ။ ဒါပေမယ့် ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော်သက်အရွယ်ကောင်းလေးမှာ လှပပျိုမြစ်ခြင်းတွေနဲ့ အတူတူ မွေးနေ့တစ်ပွဲလောက်တော့ ဝါသနာပါပါ၊ မပါပါ လုပ်လိုက်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းတွေဖိတ်ပြီး ပျော်ရွှင်ရတဲ့အချိန်တွေကို မှတ်တမ်းတင်ထားပါ။ ဒါဟာ ငယ်စဉ်တုန်းက နှစ်ခါပြန်မရနိုင်တော့တဲ့ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ချိန်တွေကို ပြန်သွားလို့ရနိုင်ပါတယ်။

ဒီအချိန်လေးတွေဟာ ဘဝမှာ အမှတ်တရဖြစ်နေပြီး အသက်ကြီးသွားတဲ့အထိ အောက်မေ့နေရမယ့်အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ရှင်သန်ခဲ့တဲ့အချိန်တွေအကြောင်းကို စကားလုံးတွေမလိုအပ်ဘဲ အသေးစိတ်ပြောပြနိုင်ပြီး နောင်မျိုးဆက်တွေအထိပါ အမှတ်တရထားခဲ့နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေမှာ ဓာတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူးဆိုရင်တောင် အခုပြောပြခဲ့တဲ့အချိန်လေးတွေအတွက်တော့ ဓာတ်ပုံလေးတွေ ရိုက်ယူထားကြဖို့ ပြောချင်ပါတယ်။ အားလုံးပဲ အမှတ်တရလေးတွေကို အချိန်တွေများစွာအထိ သယ်ဆောင်သွားနိုင်ကြပါစေ။

#photo #memories #graduation #wedding