နွေရာသီမှာ အသွင်အမျိုးမျိုးအတွက် ဘယ်လိုကာလာလေးတွေနဲ့ လန်းကြမလဲ

နွေရာသီမှာ အသွင်အမျိုးမျိုးအတွက် ဘယ်လိုကာလာလေးတွေနဲ့ လန်းကြမလဲ

နေကလည်း တဖြည်းဖြည်း ပို ပိုပူလာသလိုပဲနော်။ နေ့တိုင်းမိတ်ကပ်လိမ်းနေရသလို အပြင်လည်းသွားနေရတဲ့ ကိုယ်တွေလို လူတွေအတွက်ကတော့ နွေရာသီနဲ့ လိုက်ဖက်မှုရှိပြီး သက်သောင့်သက်သာရှိတဲ့မိတ်ကပ်ပုံစံမျိုး ရွေးချယ်လိမ်းနိုင်ဖို့က အရမ်းအရေးကြီးနေပါပြီ။ ဒီတော့ ဒီနှစ်နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ လှနေအောင် ဘယ်လိုပုံစံမိတ်ကပ်မျိုးကို ရွေးချယ်ကြမလဲ။

ကလေးဆန်တဲ့ကောင်မလေး
ချစ်စဖွယ်မိန်းကလေးတစ်ယောက်အသွင်လိုချင်တယ်ဆိုရင်တော့ နွေရာသီမှာ ကာလာစုံမိတ်ကပ်ပုံစံကို ရွေးချယ်လိုက်ပါ။ မိတ်ကပ်ပါးပါးလေးပေါ်မှာပဲ တောက်ပြီး အရောင်စုံကာလာလေးတွေကို ရွေးချယ်အသုံးပြုပေးမယ်ဆိုရင် ကြည့်လိုက်တာနဲ့ ရွှင်လန်းပြီး ကလေးဆန်တဲ့အသွင်အပြင်ကို ရရှိစေမှာပါ။

မိန်းကလေးဆန်တဲ့ကောင်မလေး
နုဖတ်ပြီး မိန်းကလေးဆန်တဲ့အသွင်အတွက်ကတော့ ဒီနှစ်မှာ ပန်းရောင်ကို ရွေးချယ်အသုံးပြုလိုက်ပါတော့။ ပန်းရောင်မျိုးစုံကို ထည်လဲသုံးစွဲပြီး ပြင်ထားမယ်ဆိုရင်တော့ မိန်းကလေးဆန်ပြီး ချောမောလှပတဲ့ကောင်မလေးတစ်ယောက်အသွင်အပြင်ကို ပိုင်ဆိုင်နိုင်မှာပါ။

ညို့အားပြင်းတဲ့ကောင်မလေး
ဒါကတော့ ကလေးလည်း မဆန်ချင်ဘူး။ မိန်းကလေးတစ်ယောက်ဆိုပြီး အရမ်းလည်းနုဖတ်မနေချင်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက်ပါ။ တခြားနေရာတွေကို အပြင်စားကြီး မချယ်သဘဲနဲ့ မျက်လုံးကိုပဲ ဆွဲဆောင်မှုရှိရှိချယ်သပေးပါနော်။ ညို့အားပြင်းပြင်းနဲ့မို့ ထင်းခနဲလင်းကနဲနေစေပါတယ်။

ထူးဆန်းတဲ့ကောင်မလေး
ပုံမှန်မိတ်ကပ်စတိုင်တွေထဲက ခွဲထွက်ပြီး ဒီနှစ်အတွက်တော့ ထူးထူးဆန်းဆန်းလေးလုပ်ချင်ပါရဲ့ဆိုတဲ့ ကောင်မလေးတွေအတွက်ကတော့ နေရောင်ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ အဝါရောင်ကို များများလေး အသုံးပြုပါလို့။ လူတွေရဲ့ အကြည့်ထဲလည်း အဆန်းတကြယ်ဖြစ်နေမှာမို့ ထူးဆန်းတဲ့အသွင်အပြင်လေးနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ကောင်မလေးဖြစ်နေတော့မှာပါ။

လန်းဆန်းတဲ့ကောင်မလေး
နွေရာသီမှာ ညိုးငယ်နေတဲ့ပန်းကလေးတွေကို ရေဖြန်းလိုက်လို့ လန်းဆန်းသွားသလိုပဲ လန်းဆန်းပြီး ကြည်လင်တဲ့အသွင်လိုချင်တဲ့ကောင်မလေးတွေအတွက်ကတော့ မိတ်ကပ်ကို လျှော့လိမ်းပြီး အသားအရေကောင်းအောင် ပိုဂရုစိုက်ပေးပါ။ အရောင်တွေသိပ်မသုံးဘဲ ကြည်ကြည်ပါးပါးလေးဖြစ်နေတဲ့ မိတ်ကပ်ပုံစံကိုပဲ ရွေးချယ်ပါ။ ဒါဆိုရင်တော့ နွေရာသီမှာ လန်းဆန်းတဲ့ကောင်မလေး ဖြစ်သွားနိုင်ပါပြီ။

ဒီတော့ အခရာရဲ့ ပရိသတ်ကောင်မလေးတွေလည်း ဒီနှစ်နွေရာသီမှာ ဘယ်လိုကောင်မလေးမျိုးဖြစ်ချင်လဲ ပြောခဲ့ကြပါဦး။ နွေရာသီမှာကတော့ အကောင်းဆုံးနဲ့ နောက်ဆုံးအကြံပြုချင်တာကတော့ အရောင်မှိုင်းမှိုင်းကြီးတွေ ရွေးချယ်မယ့်အစား တောက်ပပြီး လင်းတဲ့အရောင်လေးတွေကို ပိုပြီး ရွေးချယ်အသုံးပြုကြပါလို့နော်။ ဘယ်လိုလဲ။

Moethaesay (Akhayar)