ကစားသမားသစ် နှစ်ဦးကို ခေါ်ယူလိုက်တဲ့ Dota2 အသင်း Natus Vincere

ပြိုင်ပွဲစုံမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ CIS အခြေစိုက် Dota2 အသင်း Natus Vincere (Na’Vi) ကတော့ ကစားသမား အပြောင်းအလဲ အချို့ကို ပြုလုပ်ခဲ့ပါတယ်။ Na’Vi Dota2 အသင်း အနေနဲ့ အသင်းရဲ့ Mid Laner ဖြစ်တဲ့ Idan “MagicaL” Vardanian နဲ့ Pos4 ကစားသမားဖြစ်သူ Vitaliy “so bad” Oshmankevich တို့ကို အသင်းကနေ ထုတ်ပယ်ကာ Winstrike Dota2 အသင်းရဲ့ Mid Lane ကစားသမား Nikita “Young G” Bochko နဲ့ Team Spirit Dota2 အသင်းရဲ့ Pos4 ကစားသမား Alexander “Immersion” Hmelevskoy တို့ကို ခေါ်ယူခဲ့ပါတယ်။

Young G အနေနဲ့ ပရို Dota2 လောက အထဲမှာ ကျင်လည် နေခဲ့တာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယခုမှသာ Na’Vi Dota2 အသင်းလို Tier-1 အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ Young G ကို ခေါ်ယူခဲ့ရခြင်းနဲ့ ပတ်သက်ပြီး Na’Vi Dota2 အသင်းရဲ့ နည်းပြဖြစ်သူ Mag ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အသင်းရှိ ကစားသမား အားလုံးနဲ့ ဆွေးနွေး တိုင်ပင်ပြီး နောက်မှာတော့ အခုလို ကစားသမား အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ Young G ဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမယ့် အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Young G တစ်ယောက် အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားနိုင်ဖို့ အတွက်လည်း အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Immersion ကတော့ Dota2 ပရိသတ်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦး ဖြစ်သလို CIS ဒေသရဲ့ အကောင်းဆုံး Pos4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ်။ Immersion ကို ခေါ်ယူခဲ့ရခြင်းနဲ့ ပတ်သက်ပြီး Mag ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“Immersion က အတွေ့အကြုံရှိ ကစားသမား တစ်ဦးဖြစ်သလို Hero Pool ကျယ်ပြန့်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Immersion လို ကစားသမားကောင်း တစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် အသင်းသားတွေ အားလုံး စိတ်ဓာတ်ပိုင်းမှာ မြင့်တက်လျက် ရှိပါတယ်။”

Na’Vi Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Crystalize – Pos 1
- Young G – Pos 2
- 9Pasha – Pos 3
- Immersion – Pos 4
- Illias – Pos 5
- Mag – Coach
REF: VpEsports