COVID-19 ကပ်ဘေးသင့် ပြည်သူတွေ အတွက် ဒေါ်လာ ၁ သိန်းခွဲ လှူဒါန်းခဲ့တဲ့ နာမည်ကျော် Streamer Ninja

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားချိန်မှ စတင်ကာ နာမည်ကျော် Esports အဖွဲ့အစည်းတွေ၊ နာမည်ကျော် ကစားသမားတွေ အနေနဲ့ သက်ဆိုင်ရာ ဒေသတွေ အတွက် လှူဒါန်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က နာမည်ကျော် LoL ကစားသမား တစ်ဦးဖြစ်တဲ့ Lee “Faker” Sang Hyeok အနေနဲ့ ကိုရီးယားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ဒေသတွေ အတွက် အမေရိကန် ဒေါ်လာ ၂ သောင်းခွဲခန့် လှူဒါန်းခဲ့သလို ပရိုဖက်ရှင်နယ် LoL အသင်း Gen.G ရဲ့ MidLane ကစားသမားဖြစ်တဲ့ Gwak “Bdd” Bo Seong အနေနဲ့လည်း မွေးနေ့အလှူအဖြစ် ကန်ဒေါ်လာ (၄၁၀၀) ခန့် လှူဒါန်းသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Streaming လောကရဲ့ နာမည် အကြီးဆုံး Streamer တွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Ninja အနေနဲ့ အမေရိကန်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ဒေသတွေ အတွက် ဒေါ်လာ ၁ သိန်းခွဲ လှူဒါန်းလိုက်ပြီဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် တရားဝင် ကြေညာ သွားခဲ့ပါတယ်။
We have been inspired by @vancityreynolds and @jimmyfallon who both made donations to @feedingAmerica We have donated 150,000 dollars, and encourage others to try and stay positive and practice social distancing. pic.twitter.com/FNFsNlMBON
— Ninja (@Ninja) March 20, 2020
“အခြားသော နာမည်ကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ Esports ကစားသမားတွေ သက်ဆိုင်ရာ ဒေသတွေ အတွက် အသီးသီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကို မြင်တွေ့နေရတာကြောင့် ကျွန်တော်တို့လည်း အခုလို လှူဒါန်းဖို့ အတွက် စိတ်အားထက်သန် လာခဲ့ရတာ ဖြစ်ပါတယ်။
အခု လှူဒါန်းလိုက်တဲ့ ဒေါ်လာ (၁) သိန်းခွဲကို ကျွန်တော် တစ်ဦးတည်းအားနဲ့ဆိုရင် ဘယ်လိုမှ လှူုဒါန်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို အမြဲတမ်း အားပေးနေခဲ့တဲ့ ပရိသတ်တွေကြောင့်သာ အခုလို လှူဒါန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု အလှူကို Ninja တစ်ဦးတည်း အလှူဖြင့် သတ်မှတ်စေမှာ မဟုတ်ဘဲ Ninja မိသားစုဝင်များရဲ့ အလှူ အဖြစ်သာ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် Ninja အနေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို သွားလာခြင်းကနေ ရှောင်ကြဉ်ဖို့ အတွက် အခုလိုပဲ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။
“COVID-19 ဆိုတာ တကယ်ကို အန္တရာယ်များတဲ့ ကပ်ရောဂါ တစ်ခုပဲ ဖြစ်ပါတယ်။ လူငယ် အများစု အနေနဲ့ ကပ်ရောဂါကို ဘာမှအရေးမကြီးသလို ခံယူထားကြပြီး ယခုအချိန်ထိ နေအိမ်မှာ နေထိုင်ခြင်း မရှိကြသလို လူနေထူထပ်တဲ့ နေရာတွေကို သွားလာမှုတွေ ဆက်လက် ပြုလုပ်နေကြတာကို မြင်တွေ့နေရပါတယ်။
အခုလို အခြေအနေမျိုးမှာ လူနေထူထပ်တဲ့ နေရာတွေကို သွားလာမှုတွေ လုံးဝ မပြုလုပ်သင့်ပါဘူး။ ကျွန်တော်တို့တွေ အားလုံး အိမ်ထဲမှာ နေပေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို တတ်နိုင်သလောက် ကာကွယ်သင့်ပါတယ်။”
REF: OneEsports