ဖခင်ဘဝကို ရောက်ရှိသွားပြီဖြစ်တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson

OG Dota2 အသင်းနဲ့ အတူ The International 2018, 2019 တို့မှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Miikka “Topson” Taavitsainen ကတော့ ဖခင်ဘဝကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Topson ရဲ့ ချစ်ဇနီးဖြစ်သူ Mawar Remy Taavitsainen အနေနဲ့ သူတို့နှစ်ဦးရဲ့ သမီးလေး လူ့လောကထဲကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် အင်စတာဂရမ် အကောင့်ကနေ တစ်ဆင့် ကြေညာ သွားခဲ့တာ ဖြစ်ပါတယ်။
Topson ရဲ့ သမီးဦးလေးကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူ Mawar ရဲ့ အဆိုအရ သမီးလေးရဲ့ ပေါင်ချိန်မှာ ၂.၇၉ ကီလိုဂရမ်ရှိပြီး အရပ်အမြင့် ၄၇ စင်တီမီတာ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူ Mawar အနေနဲ့ ကိုယ်ဝန်ရှိနေတဲ့ အကြောင်းကို ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် ထိန်ချန်ထားရတာ ဖြစ်တယ်လို့ အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“နောက်ဆုံးမှာတော့ ကျွန်မတို့ရဲ့ ချစ်စရာ မင်းသမီးလေးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သိုဝှက်ထားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုလို မွေးဖွားပြီးမှသာ အသိပေးခဲ့ရတာ ဖြစ်ပါတယ်။

သမီးလေးကို ကိုယ်ဝန်ဆောင်ထားရဲ့ ကာလဟာ ကျွန်မအတွက် တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ဒါပေမယ့်လည်း ခင်ပွန်းဖြစ်သူ Topson အပါအဝင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ အားလုံးရဲ့ အကူအညီကြောင့် အဆင်ပြေ ချောမွေ့စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။”
Topson အနေနဲ့လည်း သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် ဝေမျှသွားခဲ့ပါတယ်။
It's a girl, Mawar and I couldn't be happier and the birth went smooth. I love her so much already 🥰 pic.twitter.com/rKy7N5CTjH
— Topias Taavitsainen (@TopsonDota) September 18, 2020
“ကျွန်တော်ရော၊ Mawar ပါ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ အတွက် အတော်လေးကို ပျော်ရွှင်နေပါတယ်။ ချစ်စရာကောင်းတဲ့ သမီးဦးလေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အတွက်လည်း အထူးပင် ဝမ်းမြောက်မိပါတယ်။”
REF: AfkGaming