ကလေးတွေ စာမေးပွဲဖြေတဲ့အတောအတွင်း စိတ်ဖိစီးမှု ကင်းကင်းနဲ့ ဖြေနိုင်အောင် ဘယ်လိုပံ့ပိုးပေးကြမလဲ

ကလေးတွေ စာမေးပွဲဖြေတဲ့အတောအတွင်း စိတ်ဖိစီးမှု ကင်းကင်းနဲ့ ဖြေနိုင်အောင် ဘယ်လိုပံ့ပိုးပေးကြမလဲ

ဆယ်တန်းစာမေးပွဲဆိုတဲ့ ဘဝတစ်ဆစ်ချိုး ခရီးကြမ်းကြီးကို ကျောင်းသား ကျောင်းသူတွေ ကျော်ဖြတ်လို့ နေရပါပြီ။ မိဘတွေအနေနဲ့လည်း ကိုယ်သားသမီးတွေ စာမေးပွဲကို အခက်အခဲမရှိ ဖြေနိုင်ဖို့အတွက် ဘေးနားမှာ နေပေးပြီး နည်းလမ်းအမျိုးမျိုးနဲ့ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးကြရပါတယ်။

အမှန်မှာတော့ ကလေးတွေ စာမေးပွဲဖြေတဲ့အချိန်ဟာ ကလေးတွေတင် စိတ်ဖိစီးရတာမျိုး မဟုတ်ဘဲ မိဘတွေကလည်း ကလေးတွေနဲ့အတူ စာမေးပွဲမှ ကောင်းကောင်းဖြေနိုင်ပါမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ခံစားကြရပါတယ်။ညဘက်မှာဆိုရင်လည်း ကျက်ထားပြီးသားစာတွေကို အချိန်တိုအတွင်းမှာ ထိထိရောက်ရောက်နဲ့ ပြန်နွေးနိုင်အောင် အချိန်ဇယားတွေဆွဲပေး အတူတူစောင့်ပြီး ကျက်ပေးရင်းနဲ့ ကိုယ်ပါ စာမေးပွဲဖြေသလိုမျိူး လိုက်နေ လိုက်စောင့်ပေးကြရပါတယ်။ အဲဒီလို ကလေးတွေကို စောင့်ကြည့်ဂရုစိုက်ပေးရတဲ့ မိဘတွေအနေနဲ့ စာမေးပွဲဝန်ပိနေတဲ့ သူတို့လေးတွေ စိတ်လက်ပေါ့ပါးစွာ စာမေးပွဲဖြေဆိုနိုင်ဖို့  ဖိအားတွေကို ဖြေဖျောက်ပေးဖို့ တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်မို့ စာမေးပွဲဖြေမယ့်ကလေးတွေ စိတ်ဖိစီးမှု ကင်းအောင် မိဘတွေဘက်က နေထိုင်ပေးရမယ့် နည်းလမ်းတွေနဲ့ လုပ်ပေးရမယ့်အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

စိတ်တည်ငြိမ်အောင်လုပ်ပေးပါ
ကလေးတွေဟာ စာမေးပွဲဖြေတဲ့အချိန်မှာ စိတ်လှုပ်ရှားတတ်တာအမှန်ပဲဖြစ်ပေမယ့် တတ်နိုင်သမျှ စိတ်တည်ငြိမ်အောင် ဖန်တီးပေးပါ။ စိတ်တည်ငြိမ်နေမှ စိတ်ဖိစီးမှုကင်းနိုင်ပြီး စာကို အာရုံစိုက်ပြီး လုပ်နိုင်မှာပါ။ ကလေးကို စိတ်တည်ငြိမ်အောင်လုပ်ပေးဖို့အတွက်ဆို မိဘကိုယ်တိုင်ကလည်း တည်ငြိမ်နေဖို့လည်း လိုအပ်ပါသေးတယ်။
မိဘကတည်ငြိမ်နေမှ ကလေးကို အများကြီး အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ စာကျက်တဲ့ပတ်ဝန်ကျင်းကိုလည်း အေးဆေးတည်ငြိမ်နေပြီး အနှောင့်အယှက်တွေ မဝင်အောင် ကာကွယ်ပေးပါ။ အဲဒီလို လုပ်ပေးခြင်းဟာ ကလေးကို စိတ်သက်သောင့်သက်သာနဲ့ အာရုံစူးစိုက်ပြီး စာလုပ်နိုင်အောင် ကူညီပေးတာနဲ့ အတူတူပါပဲနော်။

နှိုင်းယှဉ်တာမျိုးတွေမလုပ်ပါနဲ့နော်
မိဘတွေက သားသမီးတွေကို ဖြစ်စေချင်တဲ့စိတ်နဲ့ ခွန်အားတွေရရှိစေဖို့ဆိုပြီး ဂုဏ်ထူးတွေနဲ့ ဆယ်တန်းအောင်ပြီးသား ကလေးတွေနဲ့ နှိုင်းယှဉ်ကာ ပြောပြတတ်ကြပါတယ်။ အဲဒီလို ပြောပြလိုက်တဲ့အခါ ကလေးတွေရဲ့ဦးနှောက်ထဲမှာ ငါသာ ဒီလူတွေလိုမျိုး မလုပ်နိုင်ခဲ့ရင် ငါမိဘတွေက ငြိုငြင်မှာလားဆိုပြီး အတွေးတွေဝင်လာကာ
ကိုယ့်ကိုယ်ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ လျော့နည်းလာပါတယ်။ အဲဒီလို သူတို့တွေလိုမျိုး မဖြစ်ချင်ဘူးလားလု့ိ ပြောမယ့်အစား တော်ပြီးသား လုပ်နိုင်တယ်ဆိုပြီး အားပေးတာက ပိုပြီး ထိရောက်ပါတယ်။

အနှောင့်အယှက်ဖြစ်မယ့်အရာတွေ ဖယ်ရှားပေးပါ
ကိုယ်ကတော့ ပုံမှန်အတိုင်း ပြုမှုလုပ်ကိုင်နေတာဖြစ်ပေမယ့် ဒီလိုအချိန်မျိုးမှာ ကလေးက အာရုံထွေပြားနိုင်တဲ့အတွက် ဘာကိုပဲလုပ်လုပ် သတိလေးနဲ့ပြုလုပ်ပါ။ သူတို့နားထိုင်ပြီး စာလုပ်ပေးရင်လည်း သူတို့ကို အနှောင့်အယှက်ဖြစ်စေမယ့် စမတ်ဖုန်းတွေ ယူသွားပြီး စောင့်တာမျိုး မလုပ်ပါနဲ့။ စာလုပ်နေတဲ့အချိန်မှာ စာကို ထိခိုက်စေမယ့် စမတ်ဖုန်းတွေ၊ တီဗီ အစရှိတာတွေကို ကလေးတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ ထားပေးကာ ဒါတွေကို မသုံးမိစေဖို့ နားလည်အောင် အေးအေးဆေးဆေးလေး ရှင်းပြပေးပါ။ အိမ်က မိသားစုဝင်တွေကိုလည်း ကလေးကို အနှောင့်အယှက် ဖြစ်အောင် ဘယ်အရာမှ မလုပ်မိစေဖို့ သေသေချာချာလေးမှာထားပါ။ ဒီလိုအချိန်မျိုးမှာ မိဘတွေ၊မိသားစုဝင်တွေ ရန်ဖြစ်အချင်းများတာမျိုးတွေ လုံးဝမဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။

ဘေးနားမှာရှိပေးလို့ ရပေမယ့် ရစ်သီရစ်ဝဲတော့ မလုပ်ပါနဲ့
မိဘတွေဆိုတာ ကလေးတွေကို အဓိကပံပိုးပေးရတဲ့သူ ဖြစ်ပေမယ့် အနှောင့်အယှက်မဖြစ်အောင်တော့ နေဖို့လည်းလိုအပ်ပါတယ်။ ဘာလိုမလဲဆိုပြီး စိုးရိမ်တကြီးနဲ့ ကလေးစာလုပ်တဲ့နေရာကို ဝင်လိုက်ထွက်လိုက် ခဏခဏလုပ်ပြီး နှောင့်ယှက်မယ့်အစား ဘေးနားမှာ ထိုင်နေတာက ပိုကောင်းပါတယ်။ ဘေးနားမှာထိုင်ပြီး သံသယမေးခွန်းတွေလေး မမေးမိဖို့လည်း လိုအပ်ပါသေးတယ်။ (ဥပမာ – ဒါက ခုမှ ကျက်မှာလားဆိုတဲ့ မေးခွန်းမျိုုးတွေ၊ ခုထိ ဘာမှမလုပ်ရသေးဘူးလားဆိုတဲ့ မေးခွန်းမျိုုးတွေကို မမေးမိဖို့ အရေးကြီးပါတယ်။)

အနားခဏယူဖို့လည်း သတိပေးပါ။
စာကိုဦးနှောက်ထဲမှာ မှတ်မိနေဖို့အတွက်ဆို စာမေးပွဲဖြေပြီး ပြန်လာရင် စာတန်းမလုပ်ခိုင်းဘဲ ခဏတစ်ရေးအိပ်ပြီး အနားယူခိုင်းတာမျိုး၊ လေ့ကျင်ခန်းလုပ်ခိုင်းတာမျိုး၊ သူတို့ကြိုက်တဲ့ သီချင်းတွေ ပေးနားထောင်ခိုင်းတာမျိုး ပြုလုပ်ပြီး အနားယူချိန်လေးပေးပါ။ ဘာကြောင့်လဲဆိုတော့ ဆက်တိုက်ကြီးလုပ်လိုက်ရင် ထုံသွားပြီး ဘာမှ မမှတ်သားနိုင်တော့တဲ့ အတွက်ကြောင့်ပါ။ ခဏအနားယူလိုက်တဲ့အခါ လူကလည်း လန်းဆန်းသွားပြီး စာတွေကို ပိုမှတ်သားနိုင်လာပါတယ်။ ဒါပေမယ့် နားချိန်မှတော့ အင်တာနက်သုံးတာမျိုး၊ဂိမ်းဆော့တာမျိုူးနဲ့ တီဗီကြည့်တာမျိုးတော့ မလုပ်ခိုင်းပါနဲ့။ အဲဒီအစား ပေါ့ပေါ့ပါးပါး လေ့ကျင်ခန်းလုပ်ခိုင်းတာမျိုးက လေ့လာမှုကို ပိုပြီး ထိရောက်အောင် ကူညီပေးပါတယ်။

အကောင်းမြင်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ မမေ့ပါနဲ့
ကလေးတွေစာမေးပွဲမှာ အခက်အခဲမရှိ ကောင်းကောင်းဖြေနိုင်ဖို့အတွက်ဆို အကောင်းမြင်တဲ့ ပတ်ဝန်းကျင်ရှိအောင် ဖန်တီးပေးဖို့ မမေ့ပါနဲ့နော်။ တချို့မိဘတွေက ကလေး စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ များများရအောင် ဖြေနိုင်စေချင်ကြပေမယ့် အိမ်ကိုတော့ ဆူပူနေအောင်လုပ်တာတွေ၊ ပြန်လာတာနဲ့ စိတ်ဓာတ်ကျအောင် ရန်ဖြစ်နေကြတာမျိုူးတွေကို သတိမထားဘဲ လုပ်မိနေတတ်ကြပါတယ်။ မိဘတွေကို ပျေ်ာရွှင်နေတဲ့ အသွင်အပြင်တွေဖြစ်နေမှ ကလေးကလည်း တခြားဘာကိုမှ အာရုံမစိုက်ဘဲ စာကိုပဲ အာရုံစိုက်ပြီး လုပ်နိုင်မှာဖြစ်လို့ မိသားစုဝင်တွေနဲ့ မိဘတွေက ပြဿနာရှိရင်တောင် စာမေးပွဲပြီးတဲ့အထိ သည်းညည်းခံကာ ကိုယ်ရဲ့ပန်းလေးတွေကို လှလှပပဖူးပွင့်လာအောင် ပျူိုးထောင်ကြပါ။

H.H(Akhayar)