လူသားတွေအားလုံးရဲ့ အနီးဆုံးရန်သူဟာ ဘယ်သူလဲ

လူသားတွေအားလုံးရဲ့ အနီးဆုံးရန်သူဟာ ဘယ်သူလဲ

“ပလတ်စတစ်ကမကောင်းပါဘူး၊ ပလတ်စတစ်တွေလျှော့သုံးကြပါ”

ဟုတ် .. ဒီနှိုးဆော်ချက်တွေကို ခဏခဏကြားနေရပါတယ်။ ပလတ်စတစ်ကြောင့်ပတ်ဝန်းကျင်ထိခိုက်တယ်၊ သတ္တဝါတွေကို ထိခိုက်တယ်၊ မြေဆီလွှာတွေထိခိုက်တယ်ပေါ့။ ဒါပေမယ့် ခုထိတော့ ကျွန်တော့်ကိုသိသိသာသာထိခိုက်ပျက်စီးစေတာမျိုးမရှိသေးဘူးလေလို့ တွေးပြီး အေးအေးေဆေးနေလိုသူတွေလည်း ရှိနေဦးမှာပါ။ ဒါဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ပလတ်စတစ်ရဲ့ဆိုးကျိုးတွေဘယ်လောက်ထိ စိမ့်ဝင်နေပြီလဲဆိုတာ သတိမပြုမိသေးလို့ ဖြစ်ပါလိမ့်မယ်။

ပလတ်စတစ်ဘူးမှာရှိတဲ့အဆိပ်တွေ
ပလတ်စတစ်ဘူးထဲမှာ အစားအသောက်တွေပဲပြည့်နေတာမဟုတ်ပါဘူး။ BPA(Bisphenol-A) လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေလည်းပြည့်နှက်လို့နေပါတယ်။ ဒီအဆိပ်တွေဟာ အစားအသောက်တွေနဲ့ထိတွေ့ပြီး လူ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတာဖြစ်ပါတယ်။ ဟင်းရည်ပူပူ ဟင်းပူပူတွေကို ပလတ်စတစ်နဲ့ထိတွေ့စေတဲ့အခါ အဆိပ်တွေကကိုယ်စားမယ့် အစားအသောက်ထဲစိမ့်ဝင်ပျံ့နှံ့သွားခဲ့ပါပြီ။

BPA အများကြီးပိုင်ဆိုင်ရရှိထားတဲ့ ခန္ဒာကိုယ်ဟာဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊  သွေးချို ဆီးချိုဖြစ်ပွားနိုင်ခြေများလာပြီး အသည်းထဲမှာအဆိပ်အာနိသင်တွေရှိခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကို ခံစားလာရတယ်လို့ လေ့လာသူတွေရဲ့အဆိုအရသိရှိရပါတယ်။

BPA-Free အကြောင်း
BPA(Bisphenol-A) က လူ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ဆိုတဲ့အခါ BPA မပါတဲ့ BPA-Free အမျိုးအစားကိုဖန်တီးထုတ်လုပ်လာကြပြန်ပါတယ်။ BPA အစား BPS ၊ Phthalates တို့ကိုအစားထိုးထုတ်လုပ်တာဖြစ်ပါတယ်။ သူက အစားအသောက်တွေထဲ အဆိပ်တွေစိမ့်ဝင်ပျံ့နှံ့မှုကိုလျော့နည်းစေတယ်ဆိုပေမယ့်လည်း ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေဆဲပါပဲ။

ကလေးမရနိုင်တော့တဲ့ အမျိုးသမီးတွေ
BPA မှာပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးက အမျိုးသမီးတွေကို ဟော်မုန်းမညီမျှမှုဖြစ်ပေါ်စေပါတယ်။ မျိုးပွားခြင်းကိုထိခိုက်စေတဲ့အပြင် ရင်သားကင်ဆာ၊ အဝလွန်ခြင်း၊ သိုင်းရွိုက်ပြဿနာနဲ့ အာရုံကြောဆိုင်ရာရောဂါဝေဒနာတွေကို ခံစားရစေမှာဖြစ်ပါတယ်။

ပန်းနာရင်ကျပ် ကလေးလေးတွေ
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ BPA ၊ Phthalates  ပမာဏမြင့်မားစွာရရှိထားတယ်ဆိုရင် ကလေးမွေးလာတဲ့အခါ ကလေးမှာအဆုတ်နဲ့ပတ်သက်တဲ့ရောဂါပါလာတတ်ပါတယ်လို့ World Health Organization (WHO) က ထုတ်ပြန်ထားပါတယ်။ တချို့ကလေးတွေဟာလည်း ဘဝတစ်လျှောက်လုံး ပန်းနာရင်ကျပ်ဝေဒနာခံစားသွားရတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပလက်စတစ်အဆိပ်တွေနဲ့ ထိတွေ့ကြီးပြင်းလာရတဲ့ကလေးလေးတွေမှာတော့ အင်ဆူလင်ခုခံနိုင်စွမ်းမြင့်မားလာခြင်း၊ သွေးဖိအားများခြင်းတွေဖြစ်လာနိုင်သလို ကလေးဘဝမှာအဝလွန်ခြင်း၊ ဆီးချိုသွေးချို၊ နှလုံးနဲ့ ကျောက်ကပ်ဆိုင်ရာပြဿနာတွေဟာ ပလတ်စတစ်အဆိပ်တွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်လို့ New York University School of Medicine ကထုတ်ပြန်ထားပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ ပလတ်စတစ်
ပလတ်စတစ်အဆိပ်က အမျိုးသားတွေကိုလည်း မျက်နှာသာမပေးပါဘူး။ ဒီဓာတုအဆိပ်တွေနဲ့ထိတွေ့နေရတဲ့ အမျိုးသားတွေဟာ မျိုးပွားအင်္ဂါထိခိုက်ခြင်းနဲ့ ဆီးကျိတ်ဝေဒနာကို ခံစားရနိုင်တယ်လို့ WHO ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ သားသားမီးမီးတွေနဲ့ သာယာပျော်ရွှင်တဲ့မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကိုကိုအမျိုးသားတွေအနေနဲ့လည်း ပလတ်စတစ်အန္တရာယ်ကို အထူးသတိထားရှောင်ရှားဖို့ လိုပါလိမ့်မယ်။

ဒီတော့ ပလတ်စတစ်အစား ဖန်တွေ၊ ကြွေတွေ ပြောင်းသုံးမယ်၊ ပလတ်စတစ်အိတ်တွေဘူးတွေနဲ့တတ်နိုင်သမျှမထုပ်ပိုးဘူး၊ မုန့်သွားဝယ်ရင် ချိုင့်တွေ စတီးဘူးတွေယူသွားမယ်၊ တတ်နိုင်သမျှ ပလတ်စတစ်ကို လျှော့သုံးမယ်၊ ပလတ်စတစ်ကို ငြင်းပယ်မယ်၊ ပလတ်စတစ်ကို စနစ်တကျစွန့်ပစ်မယ်။

ဒီလို နည်းနည်းချင်းပြောင်းလဲမှုလေးတွေကတဆင့် လှပတဲ့ကမ္ဘာမြေနဲ့ ကျန်းမာပျော်ရွှင်တဲ့လူသားတွေအဖြစ် တစ်ဖန်ရှင်သန်ခွင့် ရရှိစေဦးမှာဖြစ်ပါတယ်။

Photo credited to Google