ဖယ်ရှားသင့်တဲ့ နောင်တစ်ခေတ်အတွက် အမွေဆိုး (သို့) ပလတ်စတစ် အသုံးပြုခြင်း

ဖယ်ရှားသင့်တဲ့ နောင်တစ်ခေတ်အတွက် အမွေဆိုး (သို့) ပလတ်စတစ် အသုံးပြုခြင်း

မုန့်ဝယ်တာကစလို့ အိမ်အတွက် တစ်ခုခုလိုအပ်လို့ ဈေးဝယ်သွားတဲ့ အခါ သင်အများဆုံးမြင်တွေ့ရမှာကတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အရာတွေပါ။ ဘူးတွေ၊ ပိုက်တွေ၊ အိတ်တွေအနေနဲ့ မြင်တွေ့နိုင်မှာဖြစ်ပြီး အများစုက တစ်ခါသုံး ပလတ်စတစ်တွေဖြစ်နေတာကိုလည်း သင်ကိုယ်တိုင် သတိထားမိမှာပါ။

ဒီ ပလတ်စတစ်တွေက သဘာဝအတိုင်း ဆွေးမြေ့ ပျက်စီးဖို့ အတွက် နောင်နှစ်ပေါင်း ၁,၀၀၀ လောက်အထိကြာမြင့်နိုင်တယ်ဆိုတာကို သိထားတဲ့ သင်က လျော့သုံးဖို့၊ လုံးဝမသုံးဖို့ ကြိုးစားနေပေမယ့် အရွယ်မရောက်သေးတဲ့ သင့် ကလေး (သို့) ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေက ဒီအချက်ကို သိမှာမဟုတ်ပါဘူး။ သူတို့ရဲ့ အတွေးထဲမှာ အသုံးပြုရလွယ်ကူ အဆင်ပြေတယ်ဆိုတာလောက်ကိုသာ သတိထားမိကြမှာပါ။ သင်က သင်ကြားပြောပြပေးမယ်ဆိုရင်တောင် သင်ပြောသမျှ ပလတ်စတစ်ရဲ့ အန္တရာယ်တွေအကြောင်းကို သူတို့ အပြည့်အဝ နားလည်မှာမဟုတ်ဘူး။

ဒါကြောင့် သူတို့ကိုယ်တိုင်နားလည်လာစေဖို့အတွက် ပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက်တွေ တွေ့တဲ့ အခါ ပလတ်စတစ်က ဆွေးမြေ့ဖို့ အချိန်ကြာတဲ့ အကြောင်းရှင်းပြတာတွေ၊ ပလတ်စတစ်အမှိုက်တွေကို သူတို့ကိုယ်တိုင်ပါဝင်ရှင်းလင်းစေတာတွေက ပလတ်စတစ်ရဲ့ ဆိုးကျိုးကို မျက်ဝါးထင်ထင်မြင်တွေ့စေပြီး အသုံးပြုမှု လျော့ချဖို့ အတွက် အထောက်အကူဖြစ်စေမှာပါ။ မိဘတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ အသုံးအဆောင်ဝယ်ပေးတဲ့ အခါ ပလတ်စတစ်ကို တက်နိုင်သမျှ မပါအောင်ဝယ်ပေးတာမျိုးတွေ၊ ကျောင်းကို မုန့်ထည့်ပေးတဲ့ အခါ ပလတ်စတစ်အစား အခြားအစားထိုး ထုပ်ပိုးပုံနဲ့ ထည့်ပေးတာမျိုးတွေလုပ်ပြီး ပလတ်စတစ်အသုံးပြုမှုကို ဘယ်လိုလျှော့ချရမလဲ လက်တွေ့ သင်ကြားပေးဖို့လည်းလိုပါတယ်။

ကမ္ဘာကြီးမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတဲ့ ပလတ်စတစ် အမှိုက်တွေကို လျှော့ချဖို့
အတွက် သင်ရဲ့ အားတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် နောင်လာမယ့် မျိုးဆက်တွေကိုယ်တိုင် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချပြီး သူတို့ နေထိုင်ရမယ့် ကမ္ဘာကြီးကို သူတို့ ကိုယ်တိုင် ကာကွယ် စောင့်ရှောက်တတ်အောင် သင်ကြားပေးဖို့ လည်းလိုအပ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

Photo Credit

APP (Akhayar)

www.akhayarmedia.com