10K MMR ရရှိဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့တဲ့ 23savage ကို စနောက်သွားခဲ့တဲ့ နာမည်ကျော် Flamer ကြီး PPD

PPD ဆိုတာကတော့ Dota 2 လောကရဲ့ နာမည်ကျော် ပုဂ္ဂိုလ်ကြီး တစ်ဦးပဲ ဖြစ်ပါတယ်။ PPD အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အဖြစ် အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်တာကြောင့် Dota 2 ကစားသမား အများစုရဲ့ လေးစားမှုကို ရယူနိုင်ခဲ့သလို လူတစ်ဖက်သားကို မခံချိမခံသာ ဖြစ်အောင်လည်း ပြောတတ်တာကြောင့် Dota2 လောကရဲ့ Salt Bae အဖြစ် နာမည်ပြောင်ပေးခြင်းကို ခံယူခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နာမည်ကျော် နည်းပြတွေဖြစ်တဲ့ Sunbhie, Heen, Bulba တို့ကို ကစားသမား အဖြစ် ရပ်တည်နိုင်ရန် မစွမ်းဆောင်နိုင်တော့တာကြောင့် နည်းပြဘဝကို ခံယူခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သွားခဲ့သလို ယခုအခါမှာလည်း Fnatic Dota 2 အသင်းရဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ 23savage ကိုလည်း သွားရောက် စနောက်ခဲ့ပါတယ်။
es morphling isnt a thing anymore so dont get ur hopes up
— Peter Dager (@Peterpandam) March 12, 2020
SEA အခြေစိုက် နာမည်ကျော် Dota 2 အသင်း Fnatic ရဲ့ Carry ကစားသမားဖြစ်သူ 23savage အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသက် (၁၈) နှစ်မပြည့်ခင် 10K MMR ရရှိဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပို့စ်မှာ PPD အနေနဲ့ ES + Morphling Combo က အလုပ်မဖြစ်တော့ကြောင်း၊ ဒါကြောင့် အသက် (၁၈) နှစ် မတိုင်ခင် 10K MMR ရရှိဖို့ အရမ်းကြီး မျှော်လင့်မထားသင့်ကြောင်း စနောက်သွားခဲ့ပါတယ်။

Fnatic Dota 2 အသင်း အနေနဲ့ ES + Morphling Combo ကို အသုံးပြုရတာ နှစ်သက်သလို 23savage အနေနဲ့လည်း Morphling ကို ကိုင်တွယ် ကစားရတာ နှစ်သက်ပေမယ့် ယခုအခါမှာ ES + Morphling Combo ကို Nerf လိုက်ပြီ ဖြစ်တာကြောင့် PPD အနေနဲ့ 23savage ရဲ့ 10K MMR ရည်မှန်းချက်က မဖြစ်နိုင်တော့ကြောင်း စနောက်သွားခဲ့တာ ဖြစ်ပါတယ်။
PPD အခုလို စနောက်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Fnatic Dota 2 အသင်း အနေနဲ့ Team Liquid ကိ အနိုင်ယူနိုင်ခဲ့တဲ့ Dota Summit 12 Playoff အဆင့် ပွဲစဥ်မှာ ES + Morphling အတွဲကို အသုံးပြုခဲ့သလို 23savage အနေနဲ့ Morphling ကို ကိုင်တွယ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသကာ PPD ရဲ့ ထင်မြင်ယူဆချက်တွေက လွဲမှားနေပြီဖြစ်ကြောင်း အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ 23savage အနေနဲ့ ၁၈ နှစ်ပြည့်ဖို့ နှစ်ပတ်ခန့် လိုသေးတာကြောင့် အသက် (၁၈) နှစ် မပြည့်မီ 10K MMR ရရှိအောင် စွမ်းဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming