ပရိုကစားသမား အဖြစ်ကနေ အနားယူသွားပြီဖြစ်တဲ့ Dota2 လောကရဲ့ Salt Bae PPD

ပရိုဖက်ရှင်နယ် Dota2 လောကရဲ့ Legend ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်လည်းဖြစ်၊ နာမည်မရှိ ကစားသမားတွေကို ပြုစုပျိုးထောင်ပေးရာမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကပ္ပတိန်ကောင်း တစ်ဦးလည်းဖြစ်၊ မြောက်အမေရိက Dota2 လောက အတွက် ကောင်းကျိုးပေါင်း များစွာကို ဖန်တီးပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၊ The International 2015 ချန်ပီယံ ကစားသမားတစ်ဦးလည်းဖြစ်တဲ့ Peter “PPD” Dager ကတော့ Dota2 ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။
Moving on - Retiring from competitive Dota 2
— Peter Dager (@Peterpandam) April 20, 2020
Read: https://t.co/7mZ0mpALwk
“ကျွန်တော့်ဘဝရဲ့ အသက် (၂၀) ကျော် ကာလ တစ်ခုလုံးကို ဗွီဒီယိုဂိမ်း ပြိုင်ပွဲတွေနဲ့သာ အချိန် ကုန်ဆုံးစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော့် အသက်လည်း (၂၉) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော့် ဘဝရဲ့ ကျန်ရှိနေတဲ့ သက်တမ်းမှာ အသစ်အသစ်သော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွားလိုပါတယ်။

ကျွန်တော် အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒကို ပြောပါဆိုရင် အခြားသော Dota2 အသင်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေဖို့ မဟုတ်တော့ပါဘူး။ မိမိရဲ့ စွမ်းဆောင်ရည်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အာရုံစိုက် လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော့်ဆီမှာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်လိုစိတ်လည်း မရှိသလို ပြိုင်ပွဲတွေမှာ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်လည်း အရင်လို မကျေမနပ်ဖြစ်တဲ့ စိတ်ခံစားချက်တွေ မရှိတော့ပါဘူး။ ဒါကြောင့် အသက် (၃၀) အထဲ ဝင်လာတဲ့ အချိန်မှာ အရင်နဲ့မတူညီတဲ့ အသစ်သစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော့် စွမ်းဆောင်ရည် အပေါ် ယုံကြည်ပြီး လက်တွဲခဲ့သူတွေ၊ ကျရှုံးမှုတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော့် လက်အောက်မှာ ကစားဖို့ အတွက် ယုံကြည်စွာနဲ့ လာရောက်ခဲ့ကြသူတွေ အားလုံးကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ကျွန်တော့်ကို ချစ်ခင်မြတ်နိုးတဲ့ Dota2 ကစားသမားတွေ၊ ပရိသတ်တွေ အပြင်၊ ကျွန်တော့်ကို မကြိုက်တဲ့ ကစားသမားတွေ၊ ပရိသတ်တွေ အားလုံးကိုပါ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”
PDD အနေနဲ့ ယခင်အချိန်တွေတုန်းက အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် NiP Dota2 အသင်းက ရောက်ရှိစဉ် အချိန်က စတင်ပြီး ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို လူစာရင်း အပြောင်းအလဲပေါင်း များစွာ ပြုလုပ်ခဲ့ပေမယ့်လည်း ရလဒ်ကောင်းတွေနဲ့ ဝေးကွားခဲ့ရပါတယ်။

ယခုအခါမှာ COVID-19 ကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့သလို အွန်လိုင်း ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကြောင့် အခုလို အနားယူဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ်ခန့်ကလည်း PPD တစ်ယောက် Dota2 ကစားသမား ဘဝကနေ အနားယူခဲ့ပေမယ့် တစ်နှစ်ခန့် အကြာမှာ ကစားသမား ဘဝကို ပြန်လည် ခံယူခဲ့တာကြောင့် နောက်တစ်ကြိမ် Dota2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက်လာဦးမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports