မိုးတွင်းအတွက် ဘာတွေချိန်းဖို့ လိုအပ်နေပြီလဲ သိရဲ့လား

မိုးတွင်းအတွက် ဘာတွေချိန်းဖို့ လိုအပ်နေပြီလဲ သိရဲ့လား

တဖြည်းဖြည်းနဲ့ နွေရာသီကတော့ ဒီနှစ်အတွက် ကုန်ဆုံးသွားပြန်ပါပြီ။ အခုဆိုရင် မိုးလေးတွေလည်း ဆက်တိုက်ရွာနေပြီဆိုတော့ မိုးတွင်းထဲကို တစ်စတစ်စ စီးနင်းဝင်ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဒီတော့ နွေရာသီကုန်ပြီး မိုးရာသီရောက်လာရင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ သိကြလား။ နည်းနည်း ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေရှိပါတယ်။ တော်ကြာမေ့နေဦးမယ်နော်။

ဖိနပ်လေးတွေ ချိန်းကြမယ်


ရုံးသွားကျောင်းသွားနေတဲ့သူတွေ ဖိနပ်တွေလဲချိန်တန်ပြီနော်။ မေ့မနေကြနဲ့ဦး။ နွေရာသီမှာတုန်းကလို Shoe ဖိနပ်တွေ၊ ကတ္တီပါဖိနပ်တွေနဲ့ မေ့ပြီး လမ်းထွက်နေသေးရင် ဂွမ်းတော့မှာ အသေအချာပါပဲ။ ဒီတော့ မိုးတွင်းစီးဖိနပ်လေးတွေ လဲကြဖို့ သတိပေးပါရစေ။ အခုနောက်ပိုင်း Shoe ပုံစံလေးတွေကို Jelly အသားနဲ့ မိုးတွင်းစီးလေးတွေထွက်လာတော့ တော်တော်လေး အဆင်ပြေပါတယ်။

ထီးလေးတွေ ချိန်းကြမယ်


တော်တော်များများက နွေရာသီမှာ UV ပါတဲ့ အလှထီးလေးတွေဆောင်းတတ်ကြပြီး ကိုယ့်လို ပေပေတေတေနေတတ်သူတွေကတော့ ထီးကို မဆောင်ထားတတ်ကြပါဘူး။ တော်ကြာ မိုး သဲကြီးမဲကြီးရွာချနေမှ ထီးမေ့နေတယ်ဖြစ်နေပါဦးမယ်။ ထီးမဆောင်တတ်တဲ့သူတွေလည်း ထီးဆောင်ကြဖို့လိုအပ်သလို ထီးဆောင်ထားတတ်ကြတဲ့သူတွေလည်း အလှထီးလေးတွေထက် ခိုင်ခံ့ပြီး အကြမ်းခံတဲ့ထီးလေးတွေ ရွေးချယ်ဆောင်းကြပါတော့နော်။

အိတ်တွေ ချိန်းကြမယ်


နွေရာသီကတော့ ဖုံပေတာကလွဲရင် ဈေးကြီးတဲ့အိတ်ပဲကိုင်ကိုင်၊ အရောင်နုတဲ့အလှအိတ်လေးတွေပဲကိုင်ကိုင် အဆင်ပြေပေမယ့် မိုးတွင်းကတော့ မိုးရွာချလိုက်တာနဲ့ ရေစိုသွားမှာပါ။ တချို့အိတ်တွေက ရေစိုလို့မရတာတွေရှိတယ်။ ရေခဏခဏစိုရင် အောက်သိုးသိုးလည်း နံသွားတတ်တယ်။ ပြီးတော့ အရောင်နုဆိုရင် ဖားဥစွဲဦးမယ်။ ဒါကြောင့် မိုးတွင်းရောက်ပြီဆိုရင် မိုးကာသား ဒါမှမဟုတ် Jelly သားနဲ့လုပ်ထားတဲ့ အိတ်လေးတွေ ပြောင်းကြပါတော့။

အဝတ်အစားတွေ ချိန်းကြမယ်


နွေရာသီတုန်းကတော့ နေပူထိမှာဆိုးလို့ ဂျင်းဘောင်းဘီရှည်တွေဝတ်ပြီး အပါးသားချည်သားအင်္ကျီတွေဝတ်နေခဲ့ပေမယ့် မေ့ပြီး ဆက်ဝတ်မနေပါနဲ့ဦး။ မိုးကလည်း သဲလာရင် အပူချိန်က ချက်ချင်းကျသွားတာမို့လို့ အေးလာပါပြီ။ မနွေးတောင် မပါးတဲ့အင်္ကျီလေးတွေ ရွေးချယ်ပါတော့။ နောက်ပြီးတော့ လမ်းတွေက ရေတွေတင်လာရင် ခြေထောက်တွေ ရေစိုကုန်တော့မှာမို့လို့ ဘောင်းဘီရှည်တွေ၊ စကပ်ရှည်တွေထက် ဘောင်းဘီတိုလေးတွေ၊ စကပ်တိုလေးတွေ ရွေးဝတ်စေချင်ပါတယ်။ အရမ်းမတိုတောင် အရမ်းမရှည်တာမျိုးလေးတွေပေါ့။

မိတ်ကပ်တွေ ချိန်းကြမယ်


Makeup Look တွေလည်း ချိန်းရတော့မယ်နော် ကောင်မလေးတို့။ ဒါကတော့ ကောင်မလေးတွေအတွက်ပေါ့။ နွေရာသီတုန်းက ပူလို့ မိတ်ကပ်သိပ်မလိမ်းနိုင်ရင်တောင် အခုလိမ်းနိုင်ပါပြီ။ ဒါပေမယ့် Waterproof ဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ပြီးတော့ မိုးတွင်းမှာလည်း ရေ၊ လေနဲ့ စိုစွတ်မှုတွေရဲ့ တိုက်ခိုက်မှုကြောင့် အသားအရေက ပျက်စီးမှာဆိုတော့ Skincare လုပ်ဖို့လည်း မမေ့ကြနဲ့နော်။

ကဲ မိုးတွင်းကာလကို ရောက်လာပြီမို့လို့ အကိုက်အခဲပျောက်ဆေးနဲ့ အဖျားပျောက်ဆေးတွေလည်း ဆောင်ထားကြပါဦး။ ပြီးတော့ သူများဖျားတိုင်း လိုက်မဖျားအောင် Vitamin C လည်း မှီဝဲကြပါနော်။ ဒီတော့ ကော်ဖီပူလေးသောက်ပြီး မိုးရွာနေတာကို ထိုင်ကြည့်ရင်း မိုးတွင်းကို ဖြတ်သန်းနိုင်ကြပါစေလို့။

Moethaesay (Akhayar)