ထူးဆန်းတဲ့ ရိုးရာဓလေ့တွေ

ထူးဆန်းတဲ့ ရိုးရာဓလေ့တွေ

ကမ္ဘာပေါ်မှာ နိုင်ငံတည်နေရာ ယဉ်ကျေးမှုအစဉ်အလာ ကွဲပြားမှုပေါ်မူတည်ပြီးတော့ ရိုးရာဓလေ့တွေလည်း ကွဲပြားကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပဲ ကမ္ဘာအရပ်ရပ်မှာလည်း ထူးထူးဆန်းဆန်း ရိုးရာဓလေ့တွေ ရှိကြပါတယ်။ အောချချင်စရာကောင်းလောက်အောင် ပါးစပ်အဟောင်းသားဖြစ်ရတဲ့ ယဉ်ကျေးမှုတွေ အများကြီးထဲကမှ အခရာက တချိုု့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သက်သက်လွတ်ပွဲတော်

ထိုင်းနိုင်ငံကို သွားလည်မယ်ဆိုရင် သွားဖို့အကောင်းဆုံးအချိန်က သက်သက်လွတ်ပွဲတော် ကျင်းပတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဖူးခက်မြို့မှာ ကျင်းပတဲ့ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲတဲ့သူတွေဟာ အပ်တွေ၊ ဓားတွေ ဒါမှမဟုတ် ဓားရှည်တွေကို ခန္ဓာကိုယ်တစ်ခုလုံး ထိုးစိုက်ပြီး မြို့အနီးတဝိုက်နေရာတွေကို လှည့်လည်ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တွေအပေါ် မကောင်းဆိုးဝါးရန်တွေနဲ့ ကံဆိုးမိုးမှောင်ကျခြင်းက ကာကွယ်နိုင်မယ်လို့ ယုံကြည်သက်ဝင်ကြပါတယ်။

ဇနီးဖြစ်သူကို ကျောပိုးပြီး မီးနင်းခြင်း

တရုတ်ပြည်နယ်ရဲ့ တချို့နေရာတွေမှာ ထူးဆန်းတဲ့ ထိမ်းမြားခြင်း ဓလေ့ရှိပါတယ်။ အသစ်စက်စက် စုံတွဲဖြစ်သူတွေဟာ သူတို့နေရမယ့် အိမ်ကိုဝင်တဲ့အခါ ရိုးရိုးဝင်ရတာ မဟုတ်ပါဘူး။ အမျိုးသားလုပ်သူက ဇနီးမယားဖြစ်သူကို ထမ်းပိုးပြီး ရဲရဲတောက်နေတဲ့ မီးသွေးခဲတွေပေါ်နင်းပြီးမှ ဝင်ရတာပဲ ဖြစ်ပါတယ်။ ဒီဓလေ့ကို ကြည့်ခြင်းအားဖြင့် ထိမ်းမြားလက်ထပ်ခြင်းဆိုတာ တရုတ်နိုင်ငံက အမျိုးသားတွေအတွက် ရဲရင့်တဲ့လုပ်ရပ်တစ်ခုဆိုတာကို ပြသနေတဲ့အပြင် ဇနီးဖြစ်သူကိုယ်ဝန်ဆောင်ချိန်မှာ အဆင်ပြေပြီး မီးဖွားရလွယ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

ကျေးဇူးတော်နေ့

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတဲ့အနေနဲ့ရော ကော်ရိတ်သိမ်းပွဲ အောင်မြင်စွာ ပြီးဆုံးတဲ့အနေနဲ့ ကျင်းပကြတဲ့ ဒီကျေးဇူးတော်နေ့ကို US နဲ့ ကနေဒါနိုင်ငံတွေမှာ ထူးထူးခြားခြား ဆင်နွှဲလေ့ရှိပါတယ်။ ဒီကျေးဇူးတော်နေ့မှာ ကြက်ဆင်သားကို အထူးတလည် စားသောက်ကြပါသေးတယ်။ ဒီလိုနေ့မျိုးဆို USမှာ National Turkey Federation က ဦးဆောင်ပြီးတော့ ကျေးဇူးတော်နေ့ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ကြက်ဆင်ကို ပွဲလာသူပရိသတ်ရှေ့မှောက်ထားပြီး အခမ်းအနားနဲ့ ဆင်နွှဲလေ့ရှိပါတယ်။ ဒီပွဲကို သမ္မတတော်တော်များများ တက်ရောက်ဆင်နွှဲလေ့ရှိပါသေးတယ်။

ခြေချောင်းများကို စည်းနှောင်ခြင်း

ဒီတစ်ခုကတော့ အတော်လေး နာကျင်မယ့် ဓလေ့ပါ။ ၁၀ရာစုကနေ ၂၀ရာစု အစောပိုင်းထိ ရှိခဲ့တဲ့ ဒီဓလေ့ဟာ ဘယ်လိုမျိုးလဲဆိုရင် မိန်းကလေးငယ်တို့ရဲ့ ခြေချောင်းတွေကို တင်းကျပ်စွာ ထုပ်စည်းပြီး ခြေချောင်းရိုးတွေကို ချိုးပစ်လိုက်ပြီး ရလာတဲ့ ခြေချောင်းတွေကို တန်ဖိုးထားတတ်ပါတယ်။ Lotus Feet လို့ ခေါ်တဲ့ ဒီခြေချောင်းတွေက မိန်းကလေးတွေရဲ့ အလှကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ကြပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းချို့ယွင်းစေသည်အထိ အန္တရာယ်ဖြစ်စေတာကြောင့် ဒီဓလေ့ကို အခုချိန်မှာတော့ တရုတ်နိုင်ငံမှာ တားမြစ်လိုက်ပါပြီ။

မိချောင်းလူသား

Papua New Guinea ဆိုတဲ့ နိုင်ငံသားတွေက သူတို့တွေရဲ့ ခွန်အားတွေကို အထူးတလှယ် ပြသတတ်ကြပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသားတွေဟာ သူတို့ခန္ဓာကိုယ်ပေါ်မှာ မိချောင်းအရေပြားပုံစံရအောင် အချွန်တွေထိုးပြီး ပုံဖော်လို့ သူတို့ရဲ့ သတ္တိတွေကို ဖော်ပြကြပါတယ်။

ညစ်ပတ်နေတဲ့ သတို့သား၊ သတို့သမီးလောင်း

ဒီတခုကတော့ စကော့တလန်နိုင်ငံရဲ့ ပျော်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ သတို့သမီးလောင်း ဖြစ်တော့မယ်သူကို သူ့သူငယ်ချင်းတွေက မင်္ဂလာဆောင်မတိုင်ခင်မှာ ကြပ်ခိုးရေတွေ၊ ကြက်ဥတွေ၊ အိမ်သုတ်ဆေးတွေလို ညစ်ပတ်တဲ့အရာတွေနဲ့ လှမ်းပေါက်တာမျိုးပါ။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မင်္ဂလာဆောင်ပြီးနောက် ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ပေးတဲ့သဘောပါတဲ့။

မီးမြိုက်ခံခြင်း

Sati လို့ ခေါ်တဲ့ ဒီဓလေ့ဟာ အိန္ဒိယနဲ့ နီပေါမှာ ဘီစီ ၅ ရာစုလောက်ကစပြီးလုပ်ခဲ့တဲ့ ဓလေ့တစ်ခုပါ။ မုဆိုးမဖြစ်သွားတဲ့ အမျိုးသမီးတွေဟာ သူ့အမျိုးသားဖြစ်သူရဲ့ မီးသဂြိုဟ်ချိန်မှာ အရှင်လတ်လတ်မီးလောင်ခံတာပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ရခြင်းက သူမရဲ့အချစ်တွေနဲ့ သစ္စာစောင့်သိခြင်းကို ပြသတာပါတဲ့။ ဒီနေ့ခေတ်မှာတော့ ဒီလိုလုပ်ခြင်းဟာကိုယ့်ကိုယ်ကို သတ်သေတာနဲ့အတူတူပဲ ဖြစ်တာကြောင့် တားမြစ်ခြင်း ခံထားရပါတယ်။ ဒါပေမယ့် အချစ်ကြီးသူတွေကတော့ ဒီဓလေ့ကို ကျင့်သုံးဆဲပါ။

Reference – maloomaat.com

Photo Credit – wallstreet, steemit

NSC (Akhayar)