ကိုယ့်ရဲ့ချစ်ရသူနဲ့ ဘာလို့ခရီးအတူတူထွက်သင့်တာလဲ

ကိုယ့်ရဲ့ချစ်ရသူနဲ့ ဘာလို့ခရီးအတူတူထွက်သင့်တာလဲ

ခရီးသွားတယ်ဆိုတာ စိတ်အပန်းပြေစေပြီး လူကိုလည်းအတွေ့အကြုံသစ်တွေအများကြီးပေးနိုင်တယ်။ ခရီးသွားရတာထက်ကောင်းတဲ့ ခံစားချက်မျိုးရှိတောင်ရှိပါ့မလားမသိဘူး။ ဒါပေမယ့်ချစ်သူနဲ့ခရီးသွားရတဲ့ခံစားချက်က ပိုပြီးတော့တောင်ကောင်းသေးတယ်။ တချို့တွေဆိုဘယ်လိုတောင်ပြောကြလဲဆိုရင် အိမ်ထောင်မပြုခင် ချစ်သူနဲ့ခရီးထွက်ကြည့်တဲ့ ၊ အဲဒါမှ ကိုယ်သူ့ကိုတကယ်ယူချင်လား မယူချင်ဘူးလား သိနိုင်မှာတဲ့။ ဒါဆိုဘာလို့လူတွေဒီလိုပြောတာလဲ။ ချစ်သူနဲ့ဘာလို့ခရီးသွားသင့်လဲဆိုတော့

ပျော်ပျော်ပါးပါးနဲ့တစ်ဘဝစာကျန်နေမယ့်အမှတ်တရတွေကိုဖန်တီးဖို့
ခရီးသွားတယ်ဆိုတာက စိတ်ဖိစီးမှုတွေနဲ့ဝေးရာဆီကို ခဏတာထွက်ပြေးလွတ်မြောက်ချင်လို့လေ။ ဒီတော့ခရီးသွားရင် ပျော်စရာတွေလုပ်ကြမယ်။ သူရောကိုယ်ရောနှစ်ယောက်လုံး မလုပ်ဖူးတာတွေလုပ်ကြမယ် ၊ မရောက်ဖူးတဲ့နေရာတွေသွားပြီး ပျော်ပျော်ပါးပါး ရယ်မောကြမယ်။ ဓာတ်ပုံတွေရိုက်ပြီး အမှတ်တရတွေဖန်တီးမယ်။ စိတ်ရဲ့တစ်နေရာမှာ ခရီးစဉ်အတောအတွင်းကြုံတွေ့ခဲ့တာတွေ ၊ ဖြတ်သန်းခဲ့တာတွေက စွဲကျန်နေပြီး တစ်ဘဝစာအမှတ်တရတွေအနေနဲ့ ထင်ကျန်နေခဲ့မှာပါ။ ဒါတွေကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်တွေးပြီးခံစားကြည့်ရင် ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်မလဲ။

ခရီးသွားရင်း အချစ်ကြိုးတွေခိုင်မြဲအောင်ချည်နှောင်ဖို့
ခရီးအတူသွားတာက အချစ်ရေးတစ်ခုကို ဘယ်လောက်ခိုင်မြဲစေတယ် ၊ စွမ်းအားကြီးစေတယ်ဆိုတာ လူတိုင်းသိမှာပါ။ အထူးသဖြင့်ပြောရရင် ယုံကြည်မှုအကြောင်းပေါ့။ ကိုယ်ရဲ့အသဲတစ်ခြမ်းနဲ့ခရီးထွက်ပြီဆိုရင် မြို့ကနေစထွက်တည်းက ကားစီးတာတွေ ၊ နေရာထိုင်ခင်းပြင်ဆင်တာတွေ ၊ စားသောက်လည်ပတ်ဖို့စီစဉ်တာတွေလုပ်ရင် သူ့ကိုပုံပြီးယုံကြည်လိုက်ရတယ်။ ခရီးသွားပြီဆိုရင်ကို တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်ရှိရတာပါ။ ပြီးတော့လူတစ်ယောက်နဲ့ဒီလောက်အချိန်တွေအကြာကြီးအတူတူဖြတ်သန်းတာတောင် ဒီလူကိုစိတ်မကုန်ဘူးဆိုတာကို သိလိုက်ရတာက နှစ်ယောက်သားအချစ်ရေးကိုခိုင်မာစေတယ်။ ဒီလိုခရီးအတူတူထွက်ဖူးရင် နောက်ပိုင်းသူနဲ့ပတ်သက်ပြီးသဝန်တိုတာတွေ ၊ စိတ်မချတာ ၊ မယုံတာတွေ သိပ်မဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့သူ့ကိုယုံကြည်နိုင်တယ်ဆိုတာကို သိနေပြီမို့လို့လေ။

မတူညီမှုတွေကိုချစ်တတ်အောင်သင်ယူနိုင်လို့
ခရီးသွားတယ်ဆိုတည်းကိုက ကိုယ်မရောက်ဖူးတဲ့ဒေသကို တစ်စိမ်းတစ်ယောက်အနေနဲ့ရောက်သွားတာဖြစ်တယ်လေ။ ဒီတော့အရာအားလုံးကအသစ်အဆန်းတွေဖြစ်နေမှာ။ စားစရာတွေ ၊ ဓလေ့တွေ ၊ ဝတ်စားဆင်ယင်ပုံတွေ စသဖြင့်ပေါ့။ ဒီလိုအသစ်အဆန်းတွေကြားမှာ ကိုယ့်ချစ်သူကတော့ ဘယ်လိုနေပြီး ဘယ်လိုစားတတ်တာ ၊ ဘယ်လိုပြုမူဆက်ဆံတတ်တာ စတာတွေ သူကဘယ်လိုလူစားမျိုးဆိုတာတွေကို ပိုပြီးသိလာနိုင်တယ်။ အဲဒီမှာဘာဖြစ်လဲဆိုတော့ သူနဲ့ကိုယ့်ကြားက မတူညီမှုတွေကို သတိထားမိလာပြီး ဒီမတူညီမှုတွေကို မငြီးညူဘဲ ချစ်တတ်လာတာ ချစ်သူနဲ့ခရီးအတူသွားခြင်းရဲ့ အကျိုးကျေးဇူးပဲ။

အသွင်တူတဲ့ Passion တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့
Passion ဆိုတာ အသစ်အဆန်းတွေကိုလုပ်ကြည့်မှသိနိုင်တဲ့အရာဖြစ်တယ်။ ကိုယ်ကိုယ်တိုင်တောင်မှ ကိုယ့် Passion ကိုရှာဖွေရတာခက်ခဲတယ်။ ချစ်သူနဲ့ခရီးအတူသွားမယ်ဆိုရင် အသစ်တွေကို စမ်းပြီးလုပ်ရတော့မှာက နှစ်ယောက်စလုံးရှောင်ရှားလို့မရတာဘဲ။ ဒီတော့သူရောကိုယ်ရောဘယ်ပေါ်မှာ Passion ရှိတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာလိမ့်မယ်။ ပြောရမယ်ဆိုရင် သူနဲ့ကိုယ်ကမ်းခြေကို ခရီးအတူသွားတယ်ဆိုပါတော့။ ဟိုရောက်တော့ သူရောကိုယ်ရော ရေငုပ်ရတာကြိုက်တာကို သိလာရတယ်။ သူကသဲရဲတိုက်တွေဆောက်ပြီးဆော့တာကိုကြိုက်တဲ့အချိန် ကိုယ်ကပင်လယ်အစပ်နားမှာထိုင်ရင်း လှိုင်းသံတွေနားထောင်ရတာကြိုက်တယ်ဆိုတာသိလာရတယ်။ ဒါမျိုးတွေပေါ့။ ဒီတော့ခရီးသွားတာက တူညီတဲ့ Passion တွေကိုရော တူညီတဲ့ Passion တွေကိုပါသိလာနိုင်ပါတယ်။

သက်သောင့်သက်သာမဖြစ်တာအပေါ်သက်သောင့်သက်သာဖြစ်လာမယ်
ဒီခေါင်းစဉ်ကြောင့်နည်းနည်းတော့ဇဝေဇဝါဖြစ်သွားမှာသိပါတယ်။ ဒါပေမယ့်ကျွန်မရှင်းပြတာလေးကိုဖတ်ကြည့်။ ခရီးသွားရင်တကယ်တိုင်ပတ်တာက မိန်းကလေးတွေများျတယ်။ သူတို့ရဲ့ အလှပြင်တဲ့အချိန်ဇယားတွေ ကမောက်ကမဖြစ်ကုန်ပြီး ခရီးထွက်ရင် အလှသေချာမပြင်လိုက် သေချာရှိုးမထုတ်လိုက်ရတဲ့အချိန်တွေကြုံရတတ်တယ်။ ချစ်သူရှေ့အိမ်နေရင်းနဲ့လည်းနေရင်နေရမှာ။ ဒီတော့ကိုယ့်ကိုယ်ကိုယ် စိတ်မလုံတဲ့ခံစားချက်မျိုး ၊ ရှက်တဲ့ခံစားချက်မျိုးတွေကြောင့် နေရတာသက်သောင့်သက်သာမရှိလှဘူးလေ။ ခရီးသွားရင် အဲဒီမသက်မသာခံစားချက်တွေကြား သက်သက်သာသာနေတတ်လာတာကိုး။ ဒါကြောင့် သက်သောင့်သက်သာမဖြစ်တာအပေါ် သက်သောင့်သက်သာဖြစ်လာမယ်ပြောတာပါကွယ်။

ကျွန်မဆက်ပြောလို့ရရင် ဈေးဝယ်စာရင်းလောက်ရှည်အောင်ပြောလို့ရတယ်။ ဒါပေမယ့်ဒီလောက်ဆိုရင်တော့ စာဖတ်ပရိသတ်ကြီးလည်း စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။ ချစ်သူရှိရင်လည်း ခရီးလေးဘာလေးတူတူသွားပေါ့။ ကျွန်မကမြှောက်ပေးတယ်လို့တော့မထင်ပါနဲ့နော်။ ကိုယ့်ဟာကိုစည်းလေးတွေစောင့်ပြီး ထိန်းထိန်းသိမ်းသိမ်းနေကြရင် ချစ်သူရည်းစားနှစ်ယောက်တည်းပဲလည်း ခရီးသွားလို့ရပါတယ်။

Piki (Akhayar)