ဘယ်အရာတွေက ဒို့တွေရဲ့ အရင်အချိန်တွေကို သတိရအောင် လုပ်တတ်လဲ

ဘယ်အရာတွေက ဒို့တွေရဲ့ အရင်အချိန်တွေကို သတိရအောင် လုပ်တတ်လဲ

လူတိုင်းမှာ အမှတ်တရ တစ်ခုမဟုတ်တစ်ခုရှိကြပါတယ်။ အရာတော်တော်များများက သက်မဲ့ပစ္စည်း ဒါမှမဟုတ် သက်ရှိ တစ်ခုခုနဲ့အမြဲတွဲလျက် ရှိတတ်တာမို့ တစ်ခုခုဆိုရင် ဒီဟာကိုမြင်လိုက်ရင် အရင်အချိန်ကို သတိရတယ်တို့ ဘာတို့ ဖြစ်ကြမှာပေါ့။ တချို့က ကောင်းတဲ့အမှတ်တရဖြစ်နိုင်သလို တချို့တွေက ဆိုးရွားတဲ့အချိန်တွေ ဖြစ်နိုင်ပါတယ်။ ဒီမှာတော့ ပျော်ဖို့ကောင်းခဲ့တဲ့ အရင်အချိန်က မှတ်ဉာဏ်တွေကိုပဲ ပြောလိုက်ရအောင်ပါ။

(၁) အနံ့

အနံ့တစ်ခုခုရပြီး အရင်တုန်းက အချိန်တစ်ခုခုကို သတိရဖူးလား ပရိသတ်ကြီးရေ။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်ဖူးပါတယ်။ ကိုးတန်းကျောင်းသူတုန်းကပေါ့။ ခရီးထွက်ပြီး နှစ်နှစ်လောက်ကြာတော့ ကျူရှင်တစ်ခုလုံး လေ့လာရေးခရီးသွားချိန်မှာ ရေမွှေးတစ်ခုဆွတ်ခဲ့တယ်။ အဲ့ဒီရေမွှေးကိုပဲ ကိုယ့်ဘေးနားကဖြတ်သွားတဲ့ လူတစ်ယောက်ဆီမှာ ရလိုက်မိလို့ ခရီးထွက်ခဲ့တဲ့အချိန်က အဖြစ်အပျက်တွေကို သတိရမိသွားတာပါ။ ရုပ်ရှင်ဇာတ်လမ်းထဲမှာပါတတ်တဲ့ မြင်ကွင်းနဲ့တော့ ဆင်တူကောင်းဆင်တူပါလိမ့်မယ်။ ဒါပေမယ့် ဒါက တကယ်ကြီးကို အပြင်မှာဖြစ်ခဲ့တာပါ။

(၂) အရသာ

Ratatouille ဆိုတဲ့ ကာတွန်းကား ကြည့်ဖူးတယ်မဟုတ်လား။ ကြွက်စားဖိုမှူးကားလေ။ အဲ့ဒီကားမှာပါတဲ့ အစားအသောက်ဝေဖန်ရေးသမားကြီးတစ်ယောက် ကြွက်ကလေးချက်ပေးလိုက်တဲ့ ဟင်းကို စားရင်း ငယ်ငယ်က သူ့အမေချက်ကျွေးခဲ့တဲ့ ဟင်းကိုစားလိုက်သလိုမျိုး ဖြစ်သွားတယ်ဆိုတာကို သိကြမှာပေါ့။ ပရိသတ်ကြီးလည်း တစ်ခါတလေ Facebook ကြည့်ရင်း တွေ့မှာပေါ့။ ငယ်ငယ်တုန်းက စားခဲ့တဲ့ မုန့်တွေကို ပြန်တင်ထားတာမျိုးကို ဥပမာ – ဂျမ်ဘိုမုန့်တို့၊ ပုဆိန်ခေါင်းအုံးမုန့်နဲ့ ငါးမန်းပုံဂျယ်လီတို့ကို။ အဲဒါတွေမြင်ရင် အဖြူအစိမ်းကျောင်းသားဘဝကို ပြန်သတိရတယ်မဟုတ်လား။

(၃) သီချင်း

သီချင်းတွေက ဘယ်နေရာမှာဖြစ်စြဖ် ထိပ်ဆုံးမှာ နေရာယူထားလေ့ရှိပါတယ်။ You Tube မှာ ရှိနေတဲ့အရင်သီချင်းတချို့က ကက်ဆက်ထဲက ထွက်တဲ့အသံလိုမျိုး မကြည်ဖြစ်နေရင် ပိုလို့တောင် သတိရသေးတယ်။ ဗဒင်၊ လွှမ်းမိုး၊ စိုးလွင်လွင်၊ ထူးအိမ်သင်နဲ့ စိုင်းထီးဆိုင်သီချင်းတွေ ကြားရင် တစ်ခုခုကို ပြန်လွမ်းတယ်မဟုတ်လား။ ဝန်ခံလိုက်ပါ။

(၄) စာအုပ်

စံရွှေမြင့်၊ ဒီရဲဂျာ၊ ကလျာ (ဝိဇ္ဇာ၊ သိပ္ပံ)၊ မစန္ဒာ၊ မိုးမိုး (အင်းလျား) အကုန်လုံးကို ချရေးရင်တော့ အတော်ရှည်သွားပါလိမ့်မယ်။ ဒီစာအုပ်တွေကို ၂၀၀၀ ခုနှစ်လောက်က စပြီး မွေးလာတဲ့သူတွေကတော့ သိပ်ရင်းနှီးမှာတော့ မဟုတ်ပါဘူး။ ဒီအချက်ကို ကြည့်ပြီးပြောမယ်ဆိုရင်ပဲ ပြောလို့ရနိုင်တာက ဒီစာအုပ်တွေဆိုတာ 90s Born တွေရဲ့ အတိတ်လို့ပေါ့။ ဒါတွေက ပျော်ဖို့ကောင်းတဲ့မှတ်ဉာဏ်တွေထဲက တစ်ခု။

(၅) ရုပ်ရှင်

ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်နာမည်က “ဘယ်သူပြိုင်လို့ လှပါတော့နိုင်”။ အဲ့ဒီရုပ်ရှင်ထဲကအချိန်ကာလတုန်းက အပြင်မှာလည်း အ သုံးလုံး စီမံချက်နဲ့ တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ကျေးလက်ဒေသအစွန်အဖျားအထိ စေတနာ့ဝန်ထမ်းလုပ်ရတဲ့အချိန်ပေါ့။ အခုနေများ အဲ့ဒီရုပ်ရှင်ပြန်လာရင် တစ်ချိန်က အ သုံးလုံး စီမံချက်ထဲမှာ ပါခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေက အဲ့ဒီအချိန်ကို ပြန်သတိမရဘဲ နေမယ်ထင်ပါသလား။

ပရိသတ်ကြီးဆီမှာလည်း အမှတ်တရတွေ မရှိဘူးမဟုတ်၊ ရှိမှာပါပဲ။ ဘယ်အရာတွေက ပရိသတ်ကြီးရဲ့ အမှတ်တရတွေကို ပြန်သတိရအောင် နိုးဆွပေးတတ်လဲဆိုတာ ပြောခဲ့ပါဦး။

(Photo Credit)

NSC (Akhayar)

www.akhayarmedia.com