Desk Hosting အဖြစ်ကနေ အနားယူတော့မယ့် Rich Campbell

Desk Hosting အဖြစ်ကနေ အနားယူတော့မယ့် Rich Campbell

လက်ရှိ OMEGA League EU အွန်လိုင်း ပြိုင်ပွဲမှာ Desk Hosting အဖြစ် ပြောင်မြောက်စွာ တာဝန်ယူလျက်ရှိတဲ့ Rich Campbell ကတော့ ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Desk Hosting အဖြစ်ကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာ သွားခဲ့ပါတယ်။

"OMEGA League ပြီးဆုံးချိန်က စတင်ပြီး ဘယ်ပြိုင်ပွဲမှာမှ Host အဖြစ် ဝင်ရောက် လုပ်ကိုင်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် Caster အဖြစ်၊ Host အဖြစ် လုပ်ကိုင်လာတဲ့ သက်တမ်း တစ်လျှောက် အားပေးခဲ့တဲ့ ပရိသတ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့ အမြဲတမ်း Streamer အဖြစ်သာ ရပ်တည်သွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယခု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။"

Rich အနေနဲ့ မူလ ပထမက Blizzard လက်အောက်ခံ Host/ Caster တစ်ဦး အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပြီး World of Warcraft, Call of Duty စတဲ့ Esports ပြိုင်ပွဲတွေမှာ Host/ Caster အဖြစ် တာဝန်ယူခဲ့ပါတယ်။ Rich ရဲ့ ချစ်စဖွယ် အပြုအမူတွေ၊ အရွှန်းဖောက် ပြောဟန်တွေကြောင့် Esports Community မှာ လူချစ်လူခင်များတဲ့ ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Rich အနေနဲ့ Dota2 လောက အထဲကိုပါ စတင် ဝင်ရောက်လို့ လာခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ကျင်းပသွားခဲ့တဲ့ Chongqing Major ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် Dota2 Host အဖြစ် တာဝန်ယူခွင့် ရရှိခဲ့ပါတယ်။ Rich ရဲ့ ပြောဟန်ဆိုဟန်၊ အပြုအမူတွေဟာ အခြားသော Dota2 Host တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တမူထူးခြားနေပြီး ဟာသနှောတဲ့ အပြုအမူ၊ အပြောအဆိုတွေကြောင့် Dota2 ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို အချိန်ခဏ အတွင်းမှာ ရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ Rich ကို Dota2 ပြိုင်ပွဲတွေမှာ မကြာခဏ မြင်တွေ့ခဲ့ရပြီး The International 2019, ESL One Hambugr 2019, WePlay Pushka League, OMEGA League စတဲ့ ပြိုင်ပွဲတွေမှာလည်း Host အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ပါတယ်။

Rich အနေနဲ့ အခုလို Desk Hosting အဖြစ်ကနေ အနားယူတော့မှာ ဖြစ်ပေမယ့်လည်း World of Warcraft Streamer အဖြစ် ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တာကြောင့် Rich ရဲ့ အရွှန်းဖောက် စကားပြောဟန်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေကတော့ Rich ရဲ့ Twitch Channel ကို ကြည့်ရှု အားပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

Dota2 လောကရဲ့ နာမည်ကျော် Host တစ်ဦးဖြစ်သူ Redeye အနေနဲ့လည်း ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က အနားယူ သွားခဲ့သလို နောက်ထပ် နာမည်ကျော် Host/ Analyst တစ်ဦးဖြစ်တဲ့ Professor Nahaz တစ်ယောက်လည်း TI 9 ပြိုင်ပွဲ နောက်ပိုင်းမှာ Dota2 လောကကနေ ကွယ်ပျောက် သွားခဲ့တာကြောင့် အခုလို Rich ပါ ထပ်မံ အနားယူသွားတဲ့ သတင်းက Dota2 ပရိသတ်တွေ အတွက်တော့ တကယ်ကို သတင်းဆိုး တစ်ခုပဲ ဖြစ်ပါတယ်။

REF: VpEsports