Taxi စီးရင်းလုပ်လို့ရတဲ့ အကျိုးရှိတဲ့အရာ

Taxi စီးရင်းလုပ်လို့ရတဲ့ အကျိုးရှိတဲ့အရာ

Taxi တွေ Bus တွေ စီးရင်းနဲ့ အကျိုးရှိအောင် စာဖတ်တာကလူတော်တော်များများ လုပ်လေ့ရှိတဲ့အရာပါ။ ဒါပေမယ့် ကိုယ်တွေ Taxi စီးရင်း လုပ်သင့်တဲ့တခြားအကျိုးရှိတဲ့အရာတစ်ခုက Direction တွေကို မှတ်ထားတာပါ။ Taxi စီးနေရင် ကိုယ်ဘယ်လမ်းကနေဘယ်လိုသွားနေတယ်ဆိုတာကို လေ့လာမှတ်သားထားဖို့က လိုကိုလိုအပ်တယ်လို့ထင်ပါတယ်။

ဘာလို့လဲဆိုတော့ ပထမအချက်က အန္တရာယ်ဘေးကိုကြိုသိနိုင်ဖို့ပါ။ ကိုယ်စီးခဲ့သမျှ Taxi တွေကတော့ စိတ်ကောင်းရှိတဲ့သူတွေကြီးပါပဲ။ ဒါပေမယ့် တချို့သူတွေမှာ ကံမကောင်းအကြောင်းမလှလို့ ပြန်ပေးဆွဲခံရတာတွေကို မြင်နေတွေ့နေခဲ့ဖူးတယ်။ တကယ်လို့ကိုယ်ကသာ Direction တွေကိုသိနေမယ်ဆိုရင် ကားကပုံမှန်သွားနေကျလမ်းတွေကနေမသွားတာ ၊ ဘေးပတ်ဝန်းကျင်ကရှုခင်းတွေကပြောင်းသွားတာတွေကို သတိထားမိပါလိမ့်မယ်။ ဒါဆိုရင် Google Map တွေဘာတွေဖွင့်ပြီး လမ်းကိုစစ်ဆေးကြည့်လို့ရမယ် ၊ သူငယ်ချင်းတွေ ၊ နီးစပ်တဲ့သူတွေကို ကိုယ်ဘယ်ရောက်နေတယ်ဆိုတာ Message ပို့ထားလို့ရမယ်ပေ့ါ။

ဒုတိယတစ်ချက်က ကိုယ်တိုင်ကားမောင်းတဲ့အခါလမ်းတွေသိအောင်။ ဒီခတ်ကြီးမှာ GPS လေးဖွင့်ပြီး Google Map သုံးရင်းသွားလည်းရတာပဲလို့ ပြောမယ်ဆိုရင်လည်း ကိုယ်ပေးမယ့်အကြောင်းပြချက်လေးကို အရင်နားထောင်ကြည့်ပါနော်။ GPS ဖွင့်ပြီးတော့ ကြိုက်တဲ့နေရာကိုအဆင်ပြေပြေသွားလို့ရနေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် GPS က အဲဒီလောက်မတိကျဘူး။ ကိုယ်တွေအိမ်နားကတစ်လမ်းမောင်းကိုတောင် သွားလို့ရတယ်လို့ Map မှာပြလွန်းလို့ Taxi မောင်းတဲ့သူတွေ ခဏခဏ ဒုက္ခေရာက်နေတာ မျက်မြင်ကိုယ်တွေ့ပါ။ GPS က ကိုယ်တွေဆီမှာနှစ်ရှည်လများ ကားမောင်းစားလာခဲ့ကြတဲ့ ကားသမားတွေလို ဖြတ်လမ်းတွေ ၊ မြန်တဲ့လမ်းတွေကို မသိပါဘူး။ သူကပုံမှန်ကားလမ်းကြောင်းကိုပဲပြတာပါ။ တကယ်လို့သာ Taxi စီးရင်း ကားသမားတွေမောင်းတဲ့ပိုပြီးထိရောက်တဲ့ ဖြတ်လမ်းတွေကိုမှတ်ထားရင် ကိုယ်တိုင်ကားမောင်းတဲ့အခါ ပြန်ပြီးအသုံးချလို့ရပါတယ်။

တတိယနဲ့နောက်ဆုံးကတော့ ကိုယ်နေတဲ့ရန်ကုန်မြို့ကြီးရဲ့ဘယ်နေရာကဘယ်မြို့နယ်မှာဘယ်လမ်းတွေရှိတယ် ၊ ဘာအဆောက်အအုံတွေရှိတယ်ဆိုတာသိဖို့ပါ။ ကိုယ်တွေကလူငယ်တွေလေ။ လူငယ်တွေဖြစ်တာကြောင့် ကိုယ့်မြို့ကိုယ့်နယ်ရဲ့တည်နေရာအနေအထားနဲ့ အဆောက်အအုံတွေအကြောင်းကို သိကိုသိသင့်ပါတယ်။ ဒါမှတနယ်တကြေးကလာတဲ့သူတွေက မေးမြန်းတဲ့အခါ အလွယ်တကူဖြေနိုင်မှာပါ။ ဒီလိုဆိုမျက်နှာဝင့်တယ်လေ။ နောက်ပြီး ဒါတွေကိုသိမှ ကိုယ့်ရဲ့သားသမီးတွေကို ပြန်ပြောပြနိုင်မှာပါ။ ကိုယ်တွေက သားသမီးမေးတိုင်းဖြေနိုင်တဲ့မိဘမျိုးဖြစ်အောင် ၊ ကိုယ့်မြို့အကြောင်းတော့သိသင့်သလောက်သိထားသင့်တယ်လေ။

ဒါကြောင့် Taxi စီးရင်း အလာကားဖုန်းပွတ်ရင်းအချိန်ကုန်မယ့်အစား ဒီလိုလေးအကျိုးရှိတာကို လုပ်ကြည့်ပါလားလို့ ပြောချင်ပါတယ်။

Piki (Akhayar)