Rihanna ပိုက်ဆံတွေကို ဘယ်လိုရှာပြီး ဘယ်လိုသုံးလိုက်လဲ

Rihanna ပိုက်ဆံတွေကို ဘယ်လိုရှာပြီး ဘယ်လိုသုံးလိုက်လဲ

R & B , POP, Reggae, Dance နဲ့ Hip Hop အစရှိတဲ့ သီချင်းအမျိုးအစားကွဲ အမြောက်အမြားကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အမျိုးသမီးအဆိုတော် Rihanna ဟာ အခုချိန်မှာ Madonna ၊ Celine Dion နဲ့ Beyonce တို့လို နာမည်ကျော်အဆိုတော်တွေကိုကျော်ပြီး ကမ္ဘာအချမ်းသာဆုံး အမျိုးသမီးဂီတပညာရှင်အဖြစ် စာရင်းဝင်သွားခဲ့ပါပြီ။ ကမ္ဘာအချမ်းသာဆုံးဆိုတဲ့ နေရာမျိုးကို ရောက်ဖို့ဆိုတာ လွယ်ကူတာမျိုးမဟုတ်တဲ့အတွက် သူမဘဝတစ်လျှောက်လုံး ဘယ်လိုကြိုးစားအားထုတ်မှုတွေ လုပ်ပြီး ကြွယ်ဝချမ်းသာလာလဲဆိုတာကို တစ်ချက်လောက် စပ်စုကြည့်ကြရအောင်။

Rihanna ဂီတလောကမှာ ကျင်လည်လာတဲ့တစ်လျှောက် Album ပေါင်း သန်း ၆၀ ရောင်းခဲ့ရပြီး အွန်လိုင်းပေါ်မှာ ရောင်းရတာကတော့ ၂၁၅ မီလီယံလောက်ထိရှိခဲ့ပြီး ဒုတိယ ရောင်းအားအကောင်းဆုံး ဒီဂျစ်တယ်အနုပညာရှင်အဖြစ် စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ သူမရဲ့ဝင်ငွေတွေအားလုံးက အဆိုတော်ဆိုတဲ့ Career Life တစ်ခုတည်းကို မှီပြီး ရရှိခဲ့တယ်လို့ ထင်ရင်တော့ မှားသွားမှာပါ။ အဆိုတော်ဆိုတဲ့ Career က သူမကို အချမ်းသာဆုံးဖြစ်အောင် တစ်ထောင့်တစ်နေရာကနေ ကူညီပေးခဲ့တာ မှန်ပေမယ့်လည်း အဆိုတော်အဖြစ်နဲ့ ရပ်တည်ခဲ့တာ တစ်ခုတည်းကြောင့်တော့ သူမဟာ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့တာ မဟုတ်ပါဘူး။ ဒါဆို ဘာကြောင့် အဲ့ဒီလောက်ထိ လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့ရလဲဆိုတာ ပိုစိတ်ဝင်စားဖို့ကောင်းလို့ သူမ စီးပွားကို ဘယ်လိုတွေကြိုးစားရှာပြီး ဘယ်လိုတောင် သုံးဖြုန်းနေလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Rihanna ဟာ ဂီတပညာရှင်အဖြစ်နဲ့ စရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အသက်(၁၅) နှစ်အရွယ်မှာ အမေရိကန်ထုတ်လုပ်သူတစ်ဦးနဲ့ ချိတ်ဆက်မိခဲ့ပြီး သီချင်းတွေဖန်တီးသီဆိုခဲ့ရာကနေ နောက်ပိုင်းမှာ Jay – Z တို့နဲ့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးမှုတွေပါ ရရှိလာခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း Billboard မှာ နံပါတ်တစ်စာရင်းဝင်ခဲ့တဲ့ သီချင်း(၁၄) ပုဒ်ကြောင့် ဝင်ငွေတွေ အမြောက်အမြားရှာနိုင်ခဲ့ပြီး “Diamond” လို World Tour မျိုးတွေမပါဘဲ သူရဲ့ဂီတဖန်တီးမှုတစ်ခုတည်းကနေ $၂၂.၃ မီလီယံ ရရှိခဲ့တယ်ဆိုပြီး ခန့်မှန်းပြောကြတာတွေတောင် ရှိပါသေးတယ်။ Diamond လို World Tour မျိုးတွေကနေ သူမဟာ အမြတ်ငွေ $၁၃၇ မီလီယံအထိ ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် သူမရဲ့စည်းစိမ်အများစုကတော့ ၂၀၁၄ ခုနှစ်တုန်းက Puma နဲ့တွဲပြီး Campaigns တွေ၊ Partnerships တွေ လုပ်ပြီး ရရှိလာခဲ့တာ ဖြစ်ပါတယ်။ Puma က Rihanna ကို ဖန်တီးမှုဒါရိုက်တာအနေနဲ့ ခေါ်ဆောင်လာပြီး ပထမခြောက်လအတွင်းမှာပင် ရောင်အားတွေ ၁၆ % အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက်မှာ သူမရဲ့ ကံဇာတာ တရှိန်ထိုးတိုးတက်လာပုံကတော့ လက်နဲ့ထိရင် ရွှေဖြစ်လာတယ်လို့တောင် ပြောရလောက်တဲ့အထိပါပဲ။ သူမဘာလုပ်လုပ် အောင်မြင်မှုတွေချည်းသာ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။


ဒါအပြင် သူမရဲ့ သစွာရှိအမာခံ Fan တွေရဲ့ အားပေးကြမ်းမှုတွေကြောင့်လည်း အလှအပပစ္စည်းတွေနဲ့ အဝတ်အစားဘက်တွေကို လှည့်ပြီး စီးပွာုးရေးတွေလုပ်လာတဲ့အခါမှာလည်း ဒေါ်လာသန်းပေါင်း အမြောက်မြား အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။ Rihanna ဟာ Luxury ထုတ်ကုန်တွေကို ထုတ်တဲ့ လုပ်ငန်းစု LVMH နဲ့ တွဲလုပ်တုန်းကလည်း အကျိုးအမြတ်တွေ အများကြီး ရရှိခဲ့တာကလည်း ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် တွန်းပို့ပေးလိုက်သလိုပါပဲ။

၂၀၁၇ မှာတော့ LVMH နဲ့ Partnerships လုပ်နေရာကနေ Fenty Beauty လို့ ခေါ်တဲ့ Cosmetic Line ကို တိုးချဲ့ပြီး တီထွင်လုပ်ကိုင်လိုက်တဲ့အခါမှာ ပထမနှစ်အတွင်းမှာပဲ $၅၅၀ မီလီယံရရှိသွားတဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ Fenty Beauty ကနေ Foundation ၊ Lipstick ၊Lip Gloss နဲ့ Body Glitter အစရှိတဲ့ အလှကုန်နဲ့ ပတ်သက်တဲ့ ဘာလိုထုတ်ကုန်တွေကိုပဲ ထုတ်ထုတ် လက်မလည်အောင် ရောင်းရတဲ့အတွက် Rihanna ဟာ ဒေါ်လာသုံးဘီလီယံ ဝင်ငွေတွေရရှိနေတဲ့ ကုမ္ပဏီကနေ ၁၅ ရာခိုင်နှုန်း အစုရှယ်ယာ ရရှိခဲ့ပါတယ်။

အဲဒီလို ငွေကြေးအရ အောင်မြင်တွေ တစ်ပွေ့တပိုက်ရရှိပြီးတဲ့နောက်မှာ သူမဟာ LVMH နဲ့ ထပ်မံပူးပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ ပဲရစ်အြခေစိုက် High- Fashion House Fenty ဆိုတဲ့ အဝတ်အစားလိုင်းကို စတင်ဖြန့်ဖြူးဖို့ လုပ်ပြီး စီးပွားရေးနယ်ပယ်ကို ပိုမိုချဲ့ထွင်လာခဲ့ပါတယ်။ ဒါအပြင် သူမဟာ အဲဒီ High- Fashion House Fenty မှာ ပထမဦးဆုံး ဦးဆောင်သူ လူမည်းအမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်ငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာဆိုရင်လည်း အဆိုတော်အဖြစ်နဲ့သာ ရပ်တည်ရုံတင်မကဘဲ သီချင်းရေးသူ၊ မင်းသမီးအဖြစ်နဲ့ပါ လှုပ်ရှားသေးတဲ့အတွက် အချမ်းသာဆုံးဖြစ်လာတာဆိုတာကိုလည်း မယုံနိုင်စရာတော့ မရှိပါဘူးနော်။


ဒီလောက်တောင် ငွေကြေးတွေ အမြောက်အမြားရှာဖွေနိုင်တယ်ဆိုတော့ အဲဒီငွေးကြေးတွေကို ဘယ်နေရာမှာ ပြန်ပြီး အသုံးချလိုက်လဲဆိုတာကလည်း သိချင်စိတ်တဖွားဖွား ဖြစ်စေမိပါတယ်။။ သေချာတာကတော့ သူမဟာ စီးပွားရေးလုပ်ငန်းရှင်အဖြစ် လုပ်ဆောင်နေရတဲ့အတွက် ရှာလို့ရတဲ့ ငွေကြေးတွေထဲက တချို့ကို ပြန်လည်ရင်နှီးမြှုပ်နှံမှုလုပ်လိုက်တာရတာမျိုးတွေကတော့ အများဆုံးဖြစ်မှာပါ။ သတင်းတွေထွက်ရှိချက်အရတော့ သူမဟာ LVMH နဲ့တွဲပြီး ထူထောင်တဲ့ Fenty ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ဖို့ သူမရဲ့ကိုယ်ပိုင်ဝင်ငွေ ဒေါ်လာ ၃၄ မီလီယံကို ရင်နှီးမြှုပ်နှံလိုက်ရပါတယ်တဲ့။ ဒါ့အပြင် စီးပွားရေးအမြင်ရှိတဲ့သူမဟာ အိမ်ခြံမြေဈေးကွက်တွေမှာလည်း ငွေတွေကို ရင်နှီးမြှုပ်နှံထားပါသေးတယ်။ အဲ့ဒီလို ရင်နှီးမြှုပ်နှံမှုတွေအပြင် LA မှာလည်း ဒေါ်လာ ၆.၈ မီလီယံတန် အိမ်ကြီးအိမ်ကောင်းကို ဝယ်ယူခဲ့ပါသေးတယ်။ ဒီနေ့ခေတ်ကာလပေါက်ဈေးနဲ့ဆိုရင်တော့ အဲဒီအိမ်ကြီးဟာ ဒေါ်လာ ၇.၄ မီလီယံ ပေါက်ဈေးရှိနေပါပြီ။ လက်ရှိ လန်ဒန်မှာ သူမနေထိုင်နေတဲ့ အိမ်ခန်း(၇) ခန်းပါတဲ့ အိမ်ကြီးရဲ့ တစ်ပတ်ငှားရမ်းခကလည်း ဒေါ်လာ ၂၀,၃၆၃ တန်ကြေး ရှိပါတယ်။ ဒါအပြင် သူမဟာ ခရီးသွားရင် ကိုယ်ပိုင်လေယာဉ် ၊ အပျော်စီးသဘောၤတွေနဲ့ပဲ သွားလေ့ရှိတော့ အဲဒီအတွက်လည်း  ငွေကို တော်တော်သုံးရမှာ အသေအချာပါပဲ။


၂၀၁၁ တုန်းကလည်း French Riviera ကို အလှည့်အပတ်ထွက်ဖို့ အပျော်စီးသဘောၤကို ဒေါ်လာ ၃၀၀,၀၀၀ ပေးငှားပြီး ဈေးကြီးတဲ့ Night Out ကို ပျော်ပျော်ကြီးကုန်ဆုံးခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း Miami ဝတ်လစ်စားလစ်ဖျော်ဖြေပွဲမှာ တစ်ညကို (8) Grand ဖြုန်းခဲ့ပြီး နောက်တစ်ညမှာတော့ Huston က အဖော်အချွတ်ကလပ်မှာ Rapper Drake နဲ့အတူ ဒေါ်လာ ၁၇,၀၀၀ ထပ်ပြီး ဖြုန်းခဲ့ပါသေးတယ်။သူမဟာ အပျော်အပါးအတွက်တင် ငွေကို အဲဒီလိုမျိုး ရေလိုသုံးတာမဟုတ်ဘဲ သူမရဲ့နေ့စဉ်အလှအပထိန်းသိမ်းမှု၊ Personal Makeup Artist ငှားရမ်းဖို့ ၊ အရေးပြားရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ အစရှိတာတွေအတွက် တစ်ပတ်ကို ဒေါ်လာ ၃၈,၀၀၀ အသုံးပြုပါသေးတယ်။ ဒါ့အပြင် သူမဟာ သိုက်သိုက်ဝန်းဝန်းနေရတာ ကြိုက်နှစ်သက်တဲ့အတွက် သူနားမှာ လူရင်းတွေ အမြဲရှိနေစေဖို့အတွက် ပေးကမ်းရက်ရောမှုလည်း အဆက်မပြတ်ပြုလုပ်တတ်သူပါ။

အဲဒီလို ပေးကမ်းရက်ရောမှုတွကြောင့်ပဲ Rihann ဟာ သူမရဲ့မွေးရပ်မြေ Barbados မှာ Brand Ambassador အဖြစ်နဲ့ ခန့်အပ်တာခံရပြီး ပညာရေး ၊ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်နှီးမြှုပ်နှံမှုတွေမှာ တိုးတက်လာအောင် ကူညီဖော်ဆောင်ပေးခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း သူမအဘိုးအဘွားအမည်ကိုယူပြီး Clara Lionel Foundation ကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ Foundation ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့တစ်ဝှမ်းလုံးမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အထောက်အပံ့ပေးဖို့ရန်အတွက် ဖြစ်ပါတယ်။ ဒီလိုတွေ စွမ်းစွမ်းတမံ လုပ်ဆောင်မှုတွေကြောင့်လည်း သူမအသက်မွေးဝမ်းကြောင်းမှု ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်ရရှိသလို လူတွေရဲ့ လေးစားအားထားစံထားရတဲ့ Icon အဖြစ်နဲ့လည်း ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

သူမအောင်မြင်တိုးတက်လာလေ့ သူမထုတ်လုပ်တဲ့ Brand တွေကနေ ဝင်ငွေတွေကလည်း တောက်တောက်လဲ ရရှိနေတော့ သူမ ဘယ်လို Brand တွေ ထပ်ထုတ်ပြီး ပရိသတ်တွေကို ဘယ်လို အံ့သြသွားအောင် လုပ်ဦးမလဲဆိုတာကတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးနော်။

Photo Credit: Black Enterprise , eonline.com , Cosmopolitan , Metro

Reference: www.businessinsider.com, wikipedia

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle