Kuroky ရဲ့ ဒဏ်ရာ အကင်းမသေသေးတာကြောင့် နည်းပြဖြစ်သူ Rmn နဲ့သာ ယှဉ်ပြိုင်သွားရမယ့် Nigma Dota 2

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး လက်မောင်း ဒဏ်ရာကြောင့် ပရိုကစားသမား ဘဝကနေ ခေတ္တ အနားယူခဲ့ရတဲ့ Kuroky ကတော့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် OGA Dota Pit Season 3 မှာ Team Nigma နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ပါဘူး။

Team Nigma Dota2 အသင်းဘက်မှ ထုတ်ပြန် ကြေညာချက်များ အရ Kuroky ရဲ့ ဒဏ်ရာဟာ အကင်းသေခြင်း မရှိသေးသလို Kuroky အနေနဲ့လည်း ဆက်လက် ကုသမှုတွေ ခံယူလျက် ရှိတာကြောင့် OGA Dota Pit Season 3 ပြိုင်ပွဲမှာလည်း Kuroky နေရာမှာ နည်းပြဖြစ်သူ Rmn ကသာ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Our Captain is still recovering🩹@NigmaKuroKy is still going through his treatment and @rmN_dota will be standing in during @OGADotaPIT.
— Team Nigma (@TeamNigma) September 20, 2020
We wish Kuro a speedy recovery🙏#StarsAlign pic.twitter.com/8AV6huSwxk
Nigma Dota2 အဖွဲ့သားတွေ အနေနဲ့ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ OMEGA League Immortal Division နဲ့ OGA Dota Pit Season 2 တို့မှာလည်း ကပ္ပတိန်ဖြစ်သူ Kuroky မပါဝင်ဘဲ ယှဉ်ပြိုင်ခဲ့ရတာကြောင့် OGA Dota Pit Season 3 ပြိုင်ပွဲဟာ သုံးပွဲမြောက် Kuroky မပါဝင်ဘဲ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Kuroky နေရာမှာ အစားထိုး ဝင်ရောက် ကစားပေးမယ့် Rmn ဟာ Nigma Dota2 အသင်းကို OMEGA League ပြိုင်ပွဲမှာ ဒုတိယ၊ OGA Dota Pit Season 2 ပြိုင်ပွဲမှာ ပထမ ရရှိအောင် အဓိက နေရာကနေ ကူညီပေးခဲ့တာကြောင့် OGA Dota Pit Season 3 ပြိုင်ပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ဖော် ပြသပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

နည်းပြဖြစ်သူ Rmn ဟာ အစားထိုး ကစားသမား အဖြစ် ကပ္ပတိန်ကြီး Kuroky နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပေမယ့်လည်း Drafting အပိုင်းကိုတော့ တာဝန်ယူသွားမှာ မဟုတ်ပါဘူး။ Drafting အပိုင်းကိုတော့ Nigma Dota2 အသင်းရဲ့ နာမည်ကျော် ကစားသမား Miracle ကသာ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

OGA Dota Pit Season 3: EU/CIS ပြိုင်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Team Nigma အပါအဝင် နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ OG, Alliance, Team Liquid, VP.Prodigy, Team Secret တို့လည်း ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် ကပ္ပတိန်ကြီးရဲ့ ဦးဆောင်မှုတွေနဲ့ ကင်းဝေးနေတဲ့ Nigma အဖွဲ့သားတွေ ဘယ်အဆင့်အထိ တက်လှမ်းသွားနိုင်မလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming