တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ESL One LA Major ကို တက်လှမ်းနိုင်ခဲ့တဲ့ Dota 2 အသင်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင်း တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲတွေကို အခြားသော ဒေသတွင်း လက်ရည်စစ်ပွဲတွေထက် နောက်ကျမှ ကျင်းပခဲ့ပေမယ့် ယခုအခါမှာတော့ ESL One LA Major ကို တက်လှမ်းခွင့် ရရှိခဲ့တဲ့ တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်းတွေ ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။
ESL One LA Major တရုတ် ဒေသတွင်း လက်ရည်စစ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့တာဖြစ်ပြီး Dota 2 အသင်းပေါင်း ၁၀ သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။ အဆိုပါ Dota 2 အသင်း ၁၀ သင်းကို အုပ်စု နှစ်စု ခွဲခြား သတ်မှတ်ကာ ယှဥ်ပြိုင်ခိုင်းခဲ့တာဖြစ်ပြီး အုပ်စုအေမှာ IG, EHome, Avengerls, Keen Gaming, Look For Smile စတဲ့ Dota 2 အသင်းတွေ ပါဝင်ခဲ့ပြီး အုပ်စုဘီမှာတော့ Royal Never Give Up, Team Aster, Newbee, CDEC Gaming, Blaze စတဲ့ Dota 2 အသင်းတွေ ပါဝင်ခဲ့ပါတယ်။

အုပ်စုအဆင့် ပွဲစဥ်တွေ ပြီးဆုံးသွားစဥ် အချိန်မှာ အုပ်စုအေရဲ့ ပထမနေရာကို Dota Summit 11 Minor ချန်ပီယံ Invictus Gaming Dota 2 အသင်း အနေနဲ့ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် သိမ်းပိုက်နိုင်ခဲ့သလို၊ Bukovel Minor ပြိုင်ပွဲမှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ RNG အနေနဲ့ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် အုပ်စုဘီရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အုပ်စုအေရဲ့ ဒုတိယနေရာကို နာမည်ကျော်ကစားသမား Sylar ပြန်လည် ပါဝင်လာတဲ့ EHome အနေနဲ့ ရယူနိုင်ခဲ့ပြီး အုပ်စုဘီရဲ့ ဒုတိယနေရာကိုတော့ Team Aster အနေနဲ့ ရယူနိုင်ခဲ့တာကြောင့် Semifinals အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။

Semifinals ပွဲစဥ်မှာ Invictus Gaming Dota 2 အသင်း အနေနဲ့ Team Aster ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို၊ RNG အနေနဲ့လည်း EHome ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် အလွယ်တကူပဲ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ အသင်းနှစ်သင်းဖြစ်တဲ့ Team Aster နဲ့ Ehome တို့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာတော့ Ehome အနေနဲ့ နှစ်ပွဲပြတ်ဖြင့် အနိုင်ယူကာ တတိယနေရာကို ရယူနိုင်ခဲ့တာကြောင့် RNG, IG တို့ နည်းတူ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကို ရင်ဆိုင်ရလျက် ရှိတာကြောင့် နိုင်ငံအများစု အနေနဲ့ တရုတ်နိုင်ငံသား အများစုကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကြောင့် ESL One LA Major လက်ရည်စစ်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ RNG, IG, Ehome တို့ အနေနဲ့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် မြို့တော်မှာ ကျင်းပသွားမယ့် အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports