ပါးစပ်နဲ့နှာခေါင်းစည်း (၄) သိန်းကျော် လှူဒါန်းပေးခဲ့တဲ့ Gaming Chair ထုတ်လုပ်ရေး ကုမ္ပဏီ Secretlab

စင်ကာပူအခြေစိုက် နာမည်ကျော် Gaming Chair ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Secretlab အနေနဲ့ COVID-19 ကပ်ဘေးသင့် နိုင်ငံ သုံးနိုင်ငံမှာ အသုံးပြုဖို့ အတွက် FDA အသိအမှတ်ပြု ပါးစပ်နဲ့နှာခေါင်းစည်း (၄) သိန်းကျော် လှူဒါန်းပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Secretlab အနေနဲ့ ပါးစပ်နဲ့နှာခေါင်းစည်းတွေကို အမေရိကန်နိုင်ငံ၊ ယူကေနဲ့ စင်ကာပူနိုင်ငံရှိ ကျန်းမာရေး လုပ်သားများ COVID-19 ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်ရာမှာ အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်ပြီး လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Secretlab အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ပါးစပ်နဲ့နှာခေါင်းစည်း (၅) သောင်းခန့် လှူဒါန်းခဲ့သေးသလို ယခုအခါမှာ ပါးစပ်နဲ့နှာခေါင်းစည်း (၄) သိန်းကျော် ထပ်မံ လှူဒါန်းနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Secretlab နဲ့ တွဲဖက် လုပ်ကိုင်လျက်ရှိတဲ့ Esports Partners တွေကို ကျေးဇူးတင်ကြောင်းကိုလည်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
400,000 FDA-approved masks are going to healthcare workers in hospitals in the US, UK, and Singapore! None of this would have been possible without you and our amazing partners: @riotgames @valvesoftware @astralisgg @Cloud9 @G2esports @OGesports @teamsecret pic.twitter.com/MvtJjj8TIx
— Secretlab (@secretlabchairs) April 16, 2020
"FDA အသိအမှတ်ပြု ပါးစပ်နဲ့ နှာခေါင်းစည်း လေးသိန်းကျော်ကို ယူအက်စ်၊ ယူကေနဲ့ စင်ကာပူနိုင်ငံရှိ ကျန်းမာရေး အဖွဲ့အစည်းများ အသုံးပြုနိုင်ဖို့ အတွက် လှူဒါန်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ တွဲဖက် လုပ်ကိုင်လျက်ရှိတဲ့ Riot Games, Valve, Astralis, Cloud9, G2 Esports, OG Esports, Team Secret စတဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီသာ ရရှိခဲ့ခြင်း မရှိဘူးဆိုရင် အခုလို လှူဒါန်းမှုတွေ ပြုလုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ အခုလို လှူဒါန်းနိုင်အောင် အဘက်ဘက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ လက်တွဲဖော် Esports အဖွဲ့အစည်းတွေကိုလည်း ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။"

ဒါ့အပြင် Secretlab အနေနဲ့ COVID-19 ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ကျန်းမာရေး လုပ်သားတွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။ Secretlab အပြင် အခြားသော ဗွီဒီယိုဂိမ်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ The Witcher Series ရဲ့ ပဲ့ကိုင်ရှင် CD Projekt အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ဒေသတွေ အတွက် ကန်ဒေါ်လာ (၁) သန်းခန့် လှူဒါန်းပေးခဲ့သလို၊ Plague Inc ဂိမ်းကို ဖန်တီးခဲ့တဲ့ Ndemic Creations အနေနဲ့လည်း ကန်ဒေါ်လာ နှစ်သိန်းခွဲခန့်ကို WHO နဲ့ CEPI စတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေ အတွက် လှူဒါန်းပေးခဲ့ပါတယ်။
REF: DotEsports