စားသောက်ဆိုင်ဝန်ထမ်းတွေမှာ ပြောခွင့်မရှိပေမယ့် စားသုံးသူတွေကို သိစေချင်တဲ့အရာများ
အရင်တစ်ခါက ဟိုတယ်ဝန်ထမ်းတွေက ဧည့်သည်တွေကို ပြောချင်တာတွေရှိပေမယ့် ပြောခွင့်မရတဲ့အကြောင်းကို Akhayar ကနေ ဖော်ပြခဲ့ပြီးပြီဖြစ်လို့ ဒီတစ်ခေါက်မှာတော့ စားသောက်ဆိုင်ဝန်ထမ်းတွေကနေ လာရောက်စားသုံးတဲ့သူတွေကို သိစေချင်ပေမယ့် ပြောခွင့်မရှိတဲ့အရာတွေအကြောင်းကို The Life Hacker ကနေ စားသောက်ဆိုင်ဝန်ထမ်းတွေကို မေးထားတဲ့အမေးအဖြေလေးတွေပေါ် အခြေခံပြီး ဆက်စပ်သလောက် ဖော်ပြပေးသွားပါမယ်။
ဝန်ထမ်းတွေဆိုတဲ့အတိုင်း အလုပ်ရှင်ကိုလွန်ဆန်လို့မရတာ ၊ ကိုယ့်ရဲ့ဖောက်သည်ပျက်မှာတွေကို စိုးရိမ်ရတာကြောင့် ကိုယ့်ဘက်ကအနစ်နာခံပြီး လုပ်ပေးရတဲ့အရာတွေရှိပါတယ်။ ဒါပေမယ့် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိတာကြောင့် ဝန်ထမ်းပဲဖြစ်ဖြစ် ၊ အလုပ်ရှင်ပဲဖြစ်ဖြစ် ၊ ဖောက်သည်ပဲဖြစ်ဖြစ် ထိုက်သင့်သလောက် တန်းတူအခွင့်အရေးတွေကို ရသင့်တယ်လို့ ထင်ပါတယ်။
စားသောက်ဆိုင်စားပွဲထိုးဆိုတိုင်း ကိုယ့်ရဲ့အစေအပါး မဟုတ်တာကြောင့် လေးလေးစားစား ဆက်ဆံစေချင်တာ
စားသုံးသူတွေအတွက် ဘေးနားကနေ ရေလေးထည့်ပေးလိုက် ၊ လိုတာလေးတွေမေးလိုက် ၊ ခိုင်းတာလေးတွေလုပ်ပေးလိုက်နဲ့ အမျိုးမျိုးဝန်ဆောင်မှုပေးနေတဲ့ စားပွဲထိုးတွေဆိုတာကလည်း အလုပ်အကိုင်တစ်ခုကို လုပ်နေတဲ့သူတွေပါပဲ။ စားပွဲထိုးပဲလုပ်လုပ် ၊ မန်နေဂျာပဲလုပ်လုပ် ၊ စားရေးပဲလုပ်လုပ် အားလုံးကဖြူဖြူစင်စင် အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေကြီးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကို ဝန်ထမ်းတစ်ယောက်လိုပဲ လေးလေးစားစားဆက်ဆံစေချင်တာ စားသောက်ဆိုင် စားပွဲထိုးတွေရဲ့ ဆန္ဒဖြစ်ပါတယ်တဲ့။ လူတိုင်းကတော့ စားပွဲထိုးတွေကို မတူသလိုမတန်သလို ဆက်ဆံနေကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ဟိုဟိုဒီဒီခွဲခြားတတ်တဲ့သူတွေက ရှိနေမြဲ ရှိနေဆဲပါပဲလေ။ ပြီးတော့ နိုင်ငံခြားမှာဆိုရင် စားသောက်ဆိုင်မှာ စားပွဲထိုးနေတဲ့သူတွေက မိသားစုကိုထောက်ပံ့နေရတဲ့ မိခင်တွေ ၊ ကျောင်းတက်ရင်းအချိန်ပိုင်း အလုပ်လုပ်နေရတဲ့ ကျောင်းသားတွေများတယ်။ ဆိုလိုချင်တာက စားပွဲထိုးလုပ်နေလို့ ကိုယ့်ထက်ပိုပြီးနိမ့်ကျနေတဲ့သူတွေ မဟုတ်ပါဘူးပေါ့။ လူလူချင်းအတူတူကို ဘယ်လိုအလုပ်ပဲလုပ်နေရပါစေ ပေးစွမ်းတဲ့ဝန်ဆောင်မှုနဲ့အညီ လေးလေးစားစား ဆက်ဆံခံချင်တာ သဘာဝကျပါတယ်။
ကိုယ်မှာထားတဲ့အရာမရသေးတာက စားပွဲထိုးရဲ့ အမှားမဟုတ်ဘူးဆိုတာ သိစေချင်တာ
တချို့စားသုံးသူတွေရှိကြတယ်။ ကိုယ်မှာထားတာကြာနေပြီ ဒါပေမယ့် မရောက်လာသေးဘူး။ ဗိုက်ကလည်းဆာနေပြီဆိုတော့ စိတ်ကလည်းဆိုးလာတယ်။ ဒါကြောင့် စားပွဲထိုးကိုခေါ်ပြီး “ခင်ဗျားတို့ဟာက ကြာလိုက်တာဗျာ ၊ မရနိုင်တော့ဘူးလား ၊ အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ” ဘာညာဆိုပြီး အော်ငေါက်ဆူပူကြိမ်းမောင်းတတ်ကြတယ်။ ဒါပေမယ့် စားပွဲထိုးတဲ့သူတွေရဲ့အလုပ်က ကိုယ်မှာတာကို မှတ်သွားမယ် ၊ စားဖိုမှူးကိုပြောပြီးမှာပေးမယ် ၊ ရတဲ့အခါမှ ာယူလာပေးမယ်။ အဲဒီဖြစ်စဉ်ကြားမှာ ကြာချိန်ဆိုတာတော့ ရှိတာပေါ့ကွယ်။ ဟင်းချက်တာက သူတို့မှမဟုတ်ဘဲ။ ဒါကိုမှာထားတာမရတာနဲ့ အပြစ်တင်ခံရမယ့်သူက စားပွဲထိုးမဟုတ်ပါဘူး။ ဒါက သူတို့ခံစားချက်ကိုလည်း ထိခိုက်နိုင်စေသလို ၊ သူတို့ကအလုပ်ကိုသေချာမလုပ်ဘူးလို့လည်း ဘေးလူတွေ ထင်သွားနိုင်တယ်လေ။ ကိုယ်မှာထားတာကြာနေရင် စားပွဲထိုးကို ဘာလို့ကြာနေတာလည်းဆိုတာ မေးလို့ရပါတယ်။ မြန်မြန်လုပ်ပေးလို့ရမလား ယဉ်ယဉ်ကျေးကျေးတောင်းဆိုလို့ရပါတယ်။ ဒါပေမယ့် အပြစ်မတင်သင့်တဲ့သူကိုတော့ အပြစ်မတင်စေချင်ပါဘူးတဲ့။ သေချာပြန်စဉ်းစားကြည့်ရင် ဒီအချက်ကမှန်ပါတယ်။ စားပွဲထိုးတွေမှာလည်း စားသုံးသူမကျေမနပ်ဖြစ်နေရင် နေရထိုင်ရခက်တာပဲလေ။
ကိုယ်ဘာကိုလိုချင်တယ်ဆိုတာကို သေချာပြောစေချင်တာ
စားသောက်ဆိုင်တွေက စားပွဲထိုးတွေရဲ့ တာဝန်က စားသုံးသူ ဘာစားချင်တယ်ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ကိုယ်ကသောက်စရာပဲမှာမယ် ၊ စားစရာမမှာဘူးဆိုရင် တစ်ခါတည်းပြောပါ။ ဒါပဲမှာတော့မယ် ၊ တခြားမမှာတော့ဘူးလို့။ မဟုတ်ရင်သူတို့က ကိုယ်ဘာမှာဦးမှာလဲဆိုပြီး တမေ ျှာ်မေ ျှာ်လာရပ်နေရမယ် ၊ ဒါ့အပြင် စားသုံးသူကလည်း ဒီတစ်ယောက်ဘာလို့ခဏခဏလာနေတာလည်းဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်တာကိုခံရဦးမယ်။ သူတို့အတွက် နေရထိုင်ရမသက်သာတဲ့ ကိစ္စပေါ့။ ပြီးတော့ ကိုယ်မှာတဲ့ဟာကို ဘယ်လိုဖြစ်စေချင်လဲဆိုတ တစ်ခါတည်းပြောစေချင်တာ။ ဥပမာပြောရရင် မကျက်တကျက်လား ၊ အစပ်ဆိုလည်း အနေတော်လား အရမ်းစပ်မှာလား ၊ အဲဒီလိုတွေပေါ့။ စားဖိုမှူးတွေက မှာတဲ့အတိုင်းပဲချက်ပေးမှာလေ။ သူတို့က စိတ်ကိုဖတ်လို့ရတဲ့သူတွေလည်း မဟုတ်ဘူး။ နောက်တော့မှ ကိုယ်စားရတာအဆင်မပြေရင် အပြစ်ပြောခံရမှာက စားပွဲထိုးက ထိပ်ဆုံးကမို့လို့ ဒီအချက်လေးတွေကို သိစေချင်ကြတယ်။
ဆိုင်ပိတ်ခါနီးမှရောက်လာပြီး ဟင်းပွဲတွေမှာတာ အဆင်မပြေဘူးဆိုတာ သိစေချင်တာ
ဆိုင်က ၉ နာရီပိတ်တာကို ၈ နာရီ ၄ဝ လောက်မှလာတယ်။ ၉ နာရီမှ ပိတ်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်စဉ်းစားကြည့် ဟင်းပွဲတွေပြင်တာ အနည်းဆုံး မိနစ် ၂ဝ နာရီဝက်လောက်ကြာမှာပဲ။ ပြီးရင်စားတာသောက်တာ လေပေါတာနဲ့ တကယ်တမ်းပြီးတော့ ၉ ခွဲ ၁ဝ လောက်ဖြစ်ရော။ စားသောက်ဆိုင်မှာရှိတဲ့ ဝန်ထမ်းတိုင်းကလည်း ကိုယ့်လိုပဲ ဝန်ထမ်းတွေပါ။ တစ်နေ့လုံးအလုပ်လုပ်ထားရလို့ ပင်ပန်းတယ်။ အိမ်ပြန်ရမယ့်အချိန်ဆို အိမ်ပြန်ချင်တယ်။ အိမ်ပြန်တွေ့ရမယ့် မိသားစုတွေရှိတယ်။ လိုင်းကားစီးရမှာ အချိန်အခက်အခဲတွေ ဖြစ်သွားနိုင်တယ်။ ဒါကို လူလူချင်းကိုယ်ချင်းစာတတ်မယ်ဆိုရင် ဒီလိုသူများအတွက် အခက်အခဲဖြစ်စေမယ့် ဆိုင်ပိတ်ခါနီးအလို ၁၅ မိနစ် မိနစ် ၂ဝ ကျမှာ စားပွဲကြီးတွေလာမှာစားတာက မကောင်းဘူးဆိုတာ သိစေချင်ပါတယ်တဲ့။
ကိုယ့်ကိုခုံနေရာချပေးတဲ့အခါမှာ ဘာလို့ဘယ်ခုံမှာပေးထိုင်လဲဆိုတာ အကြောင်းရှိတယ်ဆိုတာသိစေချင်တာ
များသောအားဖြင့် စားသောက်ဆိုင်တွေက အလှည့်ကျစနစ်နဲ့ မဟုတ်ရင်လည်း သူတို့သတ်မှတ်ထားတဲ့ ပုံစံနဲ့ စားသုံးသူတွေကို နေရာချပေးတာတွေရှိပါတယ်။ ကိုယ်ကပြတင်းပေါက်နားမှ ထိုင်ချင်တယ်တို့ ၊ ပန်းချီကားနားမှာထိုင်ရမှ ဖြစ်မယ်တို့ဆိုရင်လည်း ကြိုတင်ပြီး Reservation လုပ်ထားလိုက်ပါ။ ကိုယ်လိုချင်တဲ့နေရာကို မရတာ သူများ Reserve လုပ်ထားပြီးသားဖြစ်လို့လည်း ဖြစ်နိုင်တာပဲလေ။ ဒါကြောင့်ကိုယ်လိုချင်တဲ့ခုံမရတာနဲ့ နေရာတွေလွတ်နေသေးတာပဲ ဘာဖြစ်တယ်ညာဖြစ်တယ် ပွစိပွစိ ပြောနေမယ့်အစား သူတို့ကို ဘာလို့မရလဲဆိုတာကို မေးကြည့်ပါ။ သူတို့မှာလည်းအကြောင်းရှိမှာပဲဆိုတာ နားလည်ပေးဈေင်ကြတာပါ။
ဒါတွေအပြင် ဘောက်ချာသပ်သပ်စီလိုချင်ရင်လည်း တောင်းလို့ရတဲ့အကြောင်း မတည့်တဲ့အစားအစာတွေရှိရင် ကြိုပြောစေချင်တဲ့အကြောင်းတွေလည်း ရှိပါသေးတယ်။ ပြောချင်တာက စားပွဲထိုးလည်း ဝန်ထမ်းပဲ။ ဝင်ငွေပေါ်မူတည်ပြီးတော့ အလုပ်တစ်ခုရဲ့ အဆင့်အတန်းကိုခွဲတာရပ်ပြီးတော့ လူကိုလူလိုပဲဆက်ဆံပြီး အချင်းချင်းကိုယ်ချင်းစာတတ်ရင် သူတို့အတွက်လည်းအဆင်ပြေသလို ကိုယ့်အတွက်လည်း အပန်းမကြီးဘူးလို့ ထင်ပါတယ်။ အားလုံးပဲ နားလည်တတ်တဲ့သူတွေ ဖြစ်ပါစေလို့ မေ ျှာ်လင့်ပါတယ်။
Photo Credit - Pinterest
Kelly - Akhayar Lifestyle