ညဉ့်နက်မှ အိပ်ယာဝင်တာနဲ့ စောစောအိပ်ပြီး စောစောထတာ ဘယ်ဟာက ပိုကောင်းလဲ

ညဉ့်နက်မှ အိပ်ယာဝင်တာနဲ့ စောစောအိပ်ပြီး စောစောထတာ ဘယ်ဟာက ပိုကောင်းလဲ

အခုလို ရာသီဥတုအေးနေတဲ့ ရာသီဥတုမျိုးမှာဆို အိပ်ယာထဲကွေးရတာ ဇိမ်ရှိပ။  ဒါပေမယ့်လို့ စိတ်ထဲရှိသလို အိပ်ယာထဲကွေးချင်တိုင်း ကွေးလို့မရဘူးလေနော်။ အအိပ်တလိုင်းလို့ ဆိုစေပါဦးတော့။ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့ အိပ်ဖို့ကလည်း လိုတယ်မဟုတ်လား။ ဒီလိုအချိန်မျိုးဆို မောင်ပေါက်ကျိုင်းရဲ့ “မအိပ်မနေ အသက်ရှည်” ဆိုတာကြီးကို မကြားချင်ဆုံးပါပဲ။

အိပ်တယ်လို့ပြောရာမှာ နှစ်မျိုးနှစ်စားပဲ ရှိပါတယ်။ ဒါတွေကတော့

(၁) ညဉ့်နက်မှ အိပ်ယာဝင်လေ့ရှိသူနဲ့

(၂) စောစောအိပ်ပြီး စောစောထတတ်တဲ့သူ ဆိုပြီးပေါ့။

Akhayar ပရိသတ်ကြီးကတော့ ဘယ်အမျိုးအစားထဲပါလဲ မသိပေမယ့် ကိုယ်တိုင်အနေနဲ့ကတော့ ပထမဆုံးအချက်ထဲမှာ ပါပါတယ်။ အခုခေတ်လူတွေတော်တော်များများကလည်း နံပါတ်(၁) အချက်ထဲမှာ ပါနေမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်လူတွေတော်တော်များများက မနက်စောစောထလေ့ရှိသူတွေ မဟုတ်လို့ပါပဲ။

ဒီအချက် (၂) ချက်မှာ ဘယ်အချက်က ပိုကောင်းလဲဆိုတာတော့ အတိအကျပြောလို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်နဲ့ နေပုံထိုင်ပုံတွေ မတူညီသလိုဘဲ အိပ်ယာဝင်တဲ့ပုံစံတွေလည်း တူညီကြမှာ မဟုတ်ပါဘူး။ အဓိကက အိပ်ချိန်ပုံမှန်ရှိပြီး လိုအပ်တဲ့အိပ်ချိန်ပမာဏ အပြည့်ရှိနေဖို့ပါပဲ။

တကယ်တမ်း အားသာချက်ရှိကြေးဆို စောစောအိပ်ပြီး စောစောထတာက ပိုပြီး အားသာချက်ရှိပါတယ်။

— မနက်ခင်းရဲ့ အလင်းရောင်နဲ့ လေထုက တခြားအချိန်တွေနဲ့ မတူပါဘူး။ လူကို လန်းဆန်းစေပါတယ်

— လူလုပ်အလင်းရောင်အောက်မှာ မဟုတ်တဲ့အတွက် မျက်စိအတွက် ကောင်းကျိုးဖြစ်စေတယ်

— လေ့လာချက်တော်တော်များများကတော့ မနက်ခင်းစောစောထတာက လူ့ရဲ့ ဦးနှောက်ကို ပိုပြီး လန်းဆန်းစေတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ပဲ အားသာချက်ရှိနေပါစေ တကယ်လုပ်ဖြစ်နေတာက ညဉ့်နက်မှ အိပ်ဖြစ်နေတာပါ။ ဒီတော့ စောစောထဖို့က စိတ်ထဲရှိလည်း မလုပ်နိုင်တဲ့ ကိစ္စဖြစ်နေတတ်ပါတယ်။ ဒါကတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာတော့ ဟုတ်မယ်မထင်ပါဘူး။ တစ်နေ့ကို (၈) နာရီအိပ်ချိန်အပြည့်အဝ ရှိနေသရွေ့တော့ ဒီလိုပဲဖြစ်နေဦးမယ် ထင်ပါတယ်။

ပြောရင်းဆိုရင်း ခုတောင် အိပ်ယာထဲဝင်ကွေးချင်စိတ်တွေ တဖွားဖွားဖြစ်လာလို့ ခက်နေပြီရော။


NSC (Akhayar)

www.akhayarmedia.com