ဘဝကိုခံစားကြည့်ဖို့ Slow Motion နဲ့ ရှင်သန်ကြည့်ရအောင်

ဘဝကိုခံစားကြည့်ဖို့ Slow Motion နဲ့ ရှင်သန်ကြည့်ရအောင်

ဒီဆောင်းပါးကိုဖတ်နေတဲ့သူတွေ လက်ရှိအချိန်မှာဘဝကို ဘယ်လိုနေထိုင်နေမယ်ဆိုတာ မသိပါဘူး။ ကိုယ်ကတော့ အိပ်လိုက်စားလိုက်ရုံးသွားလိုက်နဲ့ တစ်နေ့တစ်နေ့ပုံစံခွက်ကြီးထဲမှာ လုံးလည်ချာပတ်နေလို့ ကိုယ့်ဘဝကအဓိပ္ပါယ်မဲ့တယ် ၊ ကိုယ့်ကိုယ်ကိုယ်လမ်းပျောက်နေတယ်လို့ ခံစားနေရတယ်။ လူရယ်လို့ဖြစ်လာတာနဲ့ မိဘတွေကကျောင်းထားပေးတယ် ၊ ကလေးဘဝမှာ ဆော့ကစားပျော်ပါးကြတယ် ၊ လူငယ်အရွယ်ရောက်လာတယ် ၊ အထက်တန်းတွေတက်ပြီးလို့ တက္ကသိုလ်တွေလည်းရောက်ကြတယ်။ နောက်ဆုံးမှာအလုပ်ခွင်ထဲကို ဝင်ခဲ့ကြတယ်။ လူ့ဘဝက ဆေ့ာ့ရမယ် ၊ ကျောင်းတက်ရမယ် ၊ အလုပ်လုပ်ရမယ်လို့များ ဥပဒေချမှတ်ခံထားရလားမသိဘူး။ ကိုယ့်ခေါင်းထဲမှာ ကိုယ်ကဒီသုံးခုထဲမှာပဲ ပတ်နေတယ်လို့ ခံစားရတယ်။

ဒါနဲ့တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုတ်မိတယ်။ ငါဒီသုံးခုအပြင်တခြားရော လုပ်လို့ရတာမရှိဘူးလားလို့။ ကျောင်းပြီးသွားရင် အလုပ်မလုပ်ဘဲနဲ့ ဝတ္ထုတွေထဲကလို အိတ်တစ်လုံးနဲ့ခြေဦးတည့်ရာလျှောက်သွားပြီး တစ်မြို့ဝင်တစ်မြို့ထွက်လုပ်လို့မရဘူးလား ဆိုတဲ့မေးခွန်းတွေကို မေးမိလာတယ်။ အဲဒီအချိန်မှာ လုပ်ချင်ရင်လုပ်ပေါ့ ဒါပေမယ့် ဘယ်မှာလဲပိုက်ဆံ ၊ ဘဝကစိတ်ကူးယဉ်ဝတ္ထုမှမဟုတ်တာ ၊ အလုပ်မလုပ်ရင်ဘယ်လို ထမင်းစားမှာလဲဆိုတဲ့ Negative ဆန်တဲ့အတွေးကလည်း ပြန်ဝင်လာပြန်ရော။ ဒါကြောင့်မို့လို့ ဘဝကပုံစံခွက်ကြီးလိုဖြစ်နေတယ်လို့ ပိုပိုပြီးခံစားလာရတယ်။ ဒီအလုပ်သွား ကျောင်းတက် အလုပ်သွား ကျောင်းတက်ကြီးပဲ လုပ်ရတာကိုစိတ်ကုန်လာတယ်။

ဒါပေမယ့် သေချာပြန်ပြီးစဉ်းစားကြည့်ရင် ဘဝမှာ ဒီသုံးခုထဲလုပ်ရမယ်လို့ ဘယ်သူမှပြောမထားပါဘူး။ ဒီသုံးခုပဲလုပ်နေရလို့ စိတ်ဓာတ်ကျပြီး လမ်းပျောက်နေတယ်လို့ စခံစားခဲ့ရတဲ့နေ့ကစပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေမိလာတယ်။ အလုပ်သွားရင်းနဲ့ အမှတ်မထင်ဘတ်စ်ပေါ်မတက်ဘဲ လမ်းနည်းနည်းဆက်လျှောက်မိတဲ့နေ့တွေရှိလာတယ်။ ညဖက်အိမ်ပြန်ရောက်တဲ့အချိန် အိပ်ခန်းထဲတန်းမဝင်ဘဲ အပြင်ထွက်ပြီး ညဖက်ကောင်းကင်ယံကို ရပ်ပြီးကြည့်တတ်လာတယ်။ ဘာရယ်မဟုတ်ဘူး ၊ ခါတိုင်းလုပ်နေကျ အိပ်လိုက်စားလိုက်သွားလိုက်လုပ်နေတဲ့အချိန်တွေမှာ ခဏလောက်ဖြစ်ဖြစ်လုပ်လက်စအရာတွေကိုရပ်ပြီးတော့ ကိုယ့်ဘေးပတ်ပတ်လည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားပြီးကြည့်မိလာတယ်။

အဲဒီလိုလုပ်လိုက်ရင် ဘာဖြစ်လို့လဲမသိဘူး ၊ ပင်ပန်းနေတာတွေနည်းနည်းသက်သာသွားတယ်လို့ ခံစားလိုက်ရတယ်။ ဘတ်စ်ပေါ်ကဆင်းရင် အလုပ်ကိုအရောက်သွားရမယ်ဆိုတဲ့စိတ်နဲ့ လမ်းမလျှောက်ဘဲနဲ့ မနက်ခင်းလေလေးရှုရင်း ပတ်ဝန်းကျင်မှာလှုပ်ရှားသွားလာနေတဲ့သူတွေကိုငေးမောရင်းနဲ့ လမ်းလျှောက်တာက ကိုယ့်ရဲ့လေးလံနေတဲ့စိတ်ကို နည်းနည်းပေါ့သွားစေတယ်။ အစာစားရင်တောင်မှ နေ့လည်စာထမင်းစားရမှာမို့လို့ ပါးစပ်ထဲထည့်ပြီးမျိုလိုက်တာတင်မဟုတ်ဘဲ ထမင်းဟင်းကိုဖြေးဖြေးလေးဝါးပြီး သေချာအရသာခံစားကြည့်တာက ကိုယ့်ရဲ့ဘဝဘယ်လောက်တောင်ချိုမြိန်လိုက်ပါလိမ့်ဆိုတဲ့ အတွေးတွေကိုဝင်စေလာတယ်။

ကိုယ်တွေရဲ့လက်ရှိဘဝက အရမ်း Rush ဖြစ်လွန်းတယ်။ လူတွေကလုပ်စရာရှိတာကိုပဲလုပ်နေကြတယ်။ သူတို့မှာတွေးဖို့အချိန် ၊ ခံစားဖို့အချိန်မရှိလို့ လူသားတွေနဲ့မတူဘဲ တကုတ်ကုတ်လုပ်နေကြတဲ့ စက်ရုပ်တွေနဲ့တူနေတယ်။ ဒါကြောင့် ဘဝရဲ့အဓိပ္ပါယ်ကိုခံစားကြည့်ဖို့ ကိုယ်တွေဖြေးဖြေးလေးရှင်သန်ကြည့်ရအောင် ၊ လူသားဆန်တဲ့လူသားတွေဖြစ်အောင်လို့ Rush နေတဲ့အချိန်တွေကို Slow Motion နဲ့ ရှင်သန်ကြည့်ရအောင်လေ။

Piki (Akhayar)

Photo Credit - Pinterest