ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာဆိုတာ တကယ်ရှိတာလား

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာဆိုတာ တကယ်ရှိတာလား

တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် မပါမဖြစ် အစားအစာစာရင်းထဲမှာ သရေစာတွေလည်း ပါတာပေါ့နော်။ တစ်ခါတလေကျရင် ကိုယ် စားလိုက်တဲ့ သရေစာတွေဟာ တစ်နေ့တာအတွက် လန်းဆန်းတက်ကြွမှုကို မဖြစ်စေဘဲ နုံးချိပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ ဒီတော့ သရေစာကြိုက်တဲ့သူတွေဟာ မှန်ကန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို စားသုံးတတ်မှ ဖြစ်ပါလိမ့်မယ်။ တွေ့ကရာ သရေစာအားလုံး လျှောက်စားနေရင်တော့ ကျန်းမာရေးလည်း ချို့တဲ့လာမှာဖြစ်သလို အချိန်ကြာလာလေ ကိုယ်ခန္ဒာကို ဒုက္ခပေးလေ ဖြစ်လာမှာပါပဲ။ ဒီတော့ တစ်နေ့တာလုံး တစွတ်စွတ်စားနေတတ်တဲ့သူတွေ ဘယ်လိုသရေစာတွေ ရွေးချယ်သင့်လဲ။

ရေညှိ (Seaweed)


ရေညှိဟာ ဒီဘက်ခေတ်မှာတော့ နိုင်ငံတကာမှာ ခေတ်စားလာတဲ့စားစရာပါ။ တော်တော်များများလည်း ကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ ရေညှိကတော့ Thyroid ကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးတဲ့ Iodine အပြင် Vitamin A ၊ C ၊ E ၊ K နဲ့ Zinc ၊ Sodium ၊ Calcium နဲ့ Magnesium တို့ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး Calories လည်း အရမ်းနည်းတာကြောင့် ဝိတ်လျှော့နေတဲ့သူတွေတောင် စားလို့ရတဲ့ သရေစာမျိုးပါ။

ချောကလက်အခါး (Dark Chocolate)


ချောကလက်အခါးဟာ Cocoa ဓာတ် အမြင့်ဆုံးပါရှိတာကြောင့် အာဟာရှိပါတယ်။ Antioxidant လည်း ကြွယ်ဝတယ်။ နောက်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပြီး အသားအရည်နဲ့ အလှအပအတွက်လည်း အထောက်အကူပြုတာမို့လို့ သူ့ကိုလည်း မေ့ထားလို့မရပါဘူး။

ဒိန်ချဉ် (Yogurt)


ဒိန်ချဉ်က Protein ပြည့်ဝတဲ့ သရေစာလို့ ပြောရပါလိမ့်မယ်။ သူကလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး အစာချေစနစ်ကိုလည်း ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ မူးဝေပြီး ပြည့်အင့်နေတဲ့အချိန် ဒိန်ချဉ်လေးစားလိုက်ရင် သက်သာသွားမှာ အမှန်ပါပဲ။ ပြီးတော့ ဒိန်ချဉ်ထဲမှာ Greek Yogurt ဟာဆိုရင် ဝိတ်လျှော့နေသူတွေအတွက် မရှိမဖြစ်ပါပဲ။

သီးစုံပွဲ (Mixed Fruits)


အိမ်ကနေ ရုံးကိုလာရင် ရေခဲသေတ္တာထဲမှာ ရှိသမျှအသီးတွေကို စိတ်ပြီး ရောထည့်ခဲ့ပါ။ နေ့ခင်းနေ့လည်ပိုင်း တအားတွေပျင်းရိလာပြီး ဘာစားချင်လို့ စားချင်မှန်းမသိတဲ့အချိန်မှာ ထုတ်စားပါ။ အသီးအနှံတွေဆီကနေ ရေဓာတ်ပြန်လည်ပြည့်ဝလာပြီး ပြန်လည်လန်းဆန်းလာစေမှာပါ။ အသီးအနှံတွေဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်း အထူးပဲညီညွတ်သလို မလိုအပ်တဲ့ Calories တွေတက်ပြီး အဆီတွေစုလာမှာကိုလည်း စိတ်မပူရတော့ပါဘူး။

ကြက်ဥပြုတ် (Hard Boiled Egg)


ကြက်ဥပြုတ်ပဲဖြစ်ဖြစ်၊ ဘဲဥပြုတ်ပဲဖြစ်ဖြစ် တစ်လုံးလောက် အိတ်ထဲမှာ ဆောင်ထားပါ။ တစ်ခါတလေ အစာလွန်လို့ပဲဖြစ်ဖြစ်၊ ဗိုက်မဝလို့ဘဲဖြစ်ဖြစ် အချိန်မတော် ဗိုက်ဆာတတ်ပါတယ်။ ဗိုက်ဆာတဲ့အချိန် Heavy Meal တွေ ထပ်ဝယ်စားဖြစ်ရင် ပိုက်ဆံလည်းကုန်သလို၊ စိတ်အလိုလိုက်ပြီး စားတဲ့အပြင်စာတွေကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်ပါသေးတယ်။ ဥပြုတ်လေးတစ်လုံးလောက် အခွံခွာစားလိုက်ရင် ဗိုက်ပြည့်သွားစေပါတယ်။ ဝိတ်ချနေတဲ့သူတွေတောင် ကြက်ဥပြုတ်နဲ့ ဝိတ်ချကြပါတယ်။

ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာရှိတယ်ဆိုတာ အခု ယုံကြည်သွားပြီမလား။ အပြင်စာတွေ လက်လွတ်စပယ် လျှောက်မစားပါနဲ့။ ကိုယ်က ဆာတတ်တဲ့သူ၊ ဒါမှမဟုတ် တစွတ်စွတ်စားနေတတ်တဲ့သူ၊ ထမင်းကလွဲလို့ သရေစာတွေအားလုံးကြိုက်တဲ့သူဆိုရင် အခုလိုလေးတွေ ဝယ်ထားပြီး စားဖို့ အကြံပေးပါရစေ။

(Photo Credit)

Moethaesay (Akhayar)