ESL One Birmingham 2020 အွန်လိုင်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ Somnus (Maybe)

ESL One Birmingham 2020 ကို မူလပထမက LAN ပြိုင်ပွဲ အဖြစ် ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်လည်း COVID-19 ကြောင့် ဒေသအလိုက် အွန်လိုင်း ပြိုင်ပွဲ အဖြစ်သာ ပြောင်းလဲ ကျင်းပခဲ့ရပါတယ်။ ESL One Birmingham 2020 ပြိုင်ပွဲရဲ့ ဒေသအလိုက် ချန်ပီယံ အသင်းတွေ ပေါ်ထွက်ခဲ့တာ ရက်သတ္တပတ် အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း အကောင်းဆုံး ကစားသမားဆုကိုတော့ ယခုအချိန်မှသာ ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

ESL အနေနဲ့ ၂၀၁၇ ခုနှစ်မှ စတင်ကာ ESL မှ ကြီးမှူးကျင်းပတဲ့ Dota2 ပြိုင်ပွဲ အများစုမှာ အကောင်းဆုံး ကစားသမားဆုကို ပရိသတ် Voting စနစ်ဖြင့် ရွေးချယ်ပြီး Mercedes Benz ကားသစ် တစ်စီး ပေးအပ်ခဲ့ပါတယ်။ ESL One Birmingham 2020 အွန်လိုင်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း အခြားသော ESL ပြိုင်ပွဲတွေ နည်းတူ ပရိသတ် Voting စနစ်ဖြင့် ရွေးချယ်ခဲ့ရာမှာ PSG.LGD Dota2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Somnus (Maybe) အနေနဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရတာကြောင့် မာစီးဒီး ကားသစ် တစ်စီးကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
Congratulations to Somnus'M - your #MBmvp of #ESLOne Birmingham Online 🏆
— ESL Dota2 (@ESLDota2) June 14, 2020
He'll be taking home a brand new @MercedesBenz 🚘 #mbesports pic.twitter.com/7TJogs6DIy
Somnus နည်းတူ ESL One Birmingham ဒေသအလိုက် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းတွေရဲ့ ကစားသမားတွေဖြစ်တဲ့ Jabz, Puppey, Lelis တို့ အနေနဲ့လည်း အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ Somnus အနေနဲ့ အပြတ်အသတ် အသာရခဲ့တာကြောင့် အခုလို ESL One Birmingham Online ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

PSG.LGD အနေနဲ့ 2019-2020 DPC ရာသီအစမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Chalice ကို Carry ကစားသမား အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ဝါရင့်ကစားသမား တစ်ဦးဖြစ်တဲ့ Old Eleven ကို အသင်းအတွက် Offlane ကစားသမား အဖြစ် ခေါ်ယူပြီး နောက်ပိုင်းမှာ လက်စွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့သလို ESL One Birmingham 2020 Online: China ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
REF: VpEsports