COVID-19 ကြောင့် PlayStation 5 ရောင်းချရာမှာ ထိခိုက်မှုတွေ ရှိလာမှာ မဟုတ်ကြောင်း SONY ပြောကြား
လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မနက်ဖြန်မှာ ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာကိုတောင် ကြိုတင် သိမြင််နိုင်ခြင်း မရှိတဲ့ အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ ဒါပေမယ့်လည်း Sony ကတော့ COVID-19 ကြောင့် PlayStation 5 ကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မိတ်ဆက် ရောင်းချသွားဖို့ စီစဉ်ထားခြင်း အပေါ် ထိခိုက်မှုတွေ ရှိလာမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Sony ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးရဲ့ ထုတ်ပြန် ကြေညာချက်များအရ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် PlayStation 5 မိတ်ဆက် ရောင်းချသွားမယ့် နေ့ရက်ကို ပြန်လည် ရွေ့ဆိုင်းသွားမှာ မဟုတ်ကြောင်း၊ မူလပထမက စီစဉ်ထားတဲ့အတိုင်း ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မိတ်ဆက် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Sony အနေနဲ့ အခြားသော ကုမ္ပဏီများနည်းတူ ဝင်ငွေ ရရှိမှု အပိုင်းမှာ (၁၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း PlayStation 5 ကို မိတ်ဆက် ရောင်းချခြင်းနဲ့ အတူ ဝင်ငွေ ပြန်လည် တိုးတက်လာစေဖို့ အတွက် ဆောင်ရွက်သွားဖွယ် ရှိပါတယ်။
လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များအရ PlayStation 5 ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလနဲ့ ဒီဇင်ဘာလ အကြားမှာ မိတ်ဆက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် COVID-19 ကပ်ဆိုးကြီးကို ထိန်းချုပ်နိုင်သွားခဲ့ပြီး ရောဂါပိုး ပြန့်ပွားမှုတွေ ထပ်မံ တိုးပွားလာခဲ့ခြင်း မရှိဘူးဆိုရင် Console ဂိမ်မာ အများစု စောင့်ဆိုင်းလျက်ရှိတဲ့ PlayStation 5 ကို ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
REF: DotEsports