CSGO လောကကို စွန့်ခွာပြီး VALORANT နယ်မြေသစ်မှာ ပြောင်းလဲ ခြေချသွားမယ့် Steel

Chaos CSGO အသင်းရဲ့ In-Game Leader ဖြစ်တဲ့ Joshua “Steel” Nissan ကတော့ CSGO ပရို အဖြစ်က အနားယူပြီး VALORANT ကစားသမား ဘဝကို ခံယူသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Steel အနေနဲ့ VALORANT ပရို ကစားသမား ဘဝကို ခံယူသွားဦးမှာ မဟုတ်ဘဲ Chaos Esports အဖွဲ့အစည်း ကိုယ်စားပြု VALORANT Streamer အဖြစ်သာ ရပ်တည်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Even at the best of times change is constant.
— Chaos EC (@ChaosEC) August 31, 2020
Coming off of our recent success, @JoshNissan will be transitioning to streaming full-time as a content creator focused on Valorant.
📰https://t.co/conBgUWL4d pic.twitter.com/FqSzIQ6JM3
Steel အနေနဲ့ Chaos CSGO အသင်း အပါအဝင် Team Dignitas, iBUYPOWER, Ghost Gaming စတဲ့ နာမည်ကျော် CSGO အသင်းပေါင်း များစွာမှာ ဝင်ရောက် ကစားခဲ့ဖူးပြီး Chaos CSGO အသင်းကိုလည်း HLTV ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၂၀) နေရာထိ တက်လှမ်းနိုင်အောင် ကူညီ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
Steel အနေနဲ့ ၂၀၁၄ ခုနှစ်၊ iBUYPOWER CSGO အသင်းမှာ ကစားခဲ့စဉ် အချိန်က အခြားသော အသင်းဖော်တွေဖြစ်တဲ့ Swag, AZK, DaZeD တို့နဲ့အတူ လုပ်ပွဲ ကစားခဲ့မှုကြောင့် Valve မှ ကြီးမှူး ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ၂၀၁၅ ခုနှစ်က စတင်ပြီး လက်ရှိအချိန်ထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း မရှိပေမယ့် ESL, DreamHack, FACEIT က ကြီးမှူး ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတော့ ၂၀၁၇ ခုနှစ်က စတင်ကာ ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Chaos CSGO အသင်းမှာ ကစားခဲ့စဉ် အချိန်အတွင်းမှာလည်း Steel အနေနဲ့ Erick “Xeppaa” Bach, Nathan “leaf” Orf စတဲ့ လူငယ်ကစားသမားတွေကို ကစားသမားဘဝ နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သလို အရည်အချင်း ပြည့်ဝတဲ့ In-Game Leader တစ်ဦး အဖြစ်လည်း အသင်းသားတွေ အပေါ် ဦးဆောင် ညွှန်ကြားမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အခုလို Steel တစ်ယောက် CSGO လောကကနေ နှုတ်ဆက် ထွက်ခွာသွားခြင်းက Chaos CSGO အသင်းအတွက် အပြင် NA CSGO လောက အတွက်ပါ တကယ်ကို ထိခိုက်နစ်နာမှု တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ လက်ရှိ NA CSGO လောကမှာ In-Game Leader ကောင်း ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလျက် ရှိသလို Team Liquid CSGo အသင်းနဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်၊ In-Game Leader တစ်ဦးလည်းဖြစ်တဲ့ nitr0 အနေနဲ့လည်း CSGO လောကကို စွန့်ခွာပြီး 100 Thieves VALORANT အသင်းကို ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Steel အနေနဲ့ Chaos ကိုယ်စားပြု VALORANT Streamer အဖြစ်သာ ရပ်တည်သွားဦးမှာ ဖြစ်ပေမယ့် အရည်အချင်း ပြည့်ဝတဲ့ Steel လို ကစားသမား တစ်ဦးကို သိပ်မကြာခင် အချိန်အတွင်းမှာ နာမည်ကျော် အသင်းပေါင်း များစွာက ကမ်းလှမ်းမှုတွေ ပြုလုပ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
REF: DotEsports