Keanu Reeves က အကောင်းဆုံးလူသားဖြစ်တယ်ဆိုတာ သက်သေပြတဲ့အဖြစ်အပျက်များ

Keanu Reeves က အကောင်းဆုံးလူသားဖြစ်တယ်ဆိုတာ သက်သေပြတဲ့အဖြစ်အပျက်များ

လွန်ခဲ့တဲ့အပတ်တွေက John Wick 3 လည်းရုံတင်ခဲ့ပြီး ပရိသတ်အားပေးမှု အကြီးအကျယ်ရခဲ့တဲ့အပြင် အခုလည်း Cyberpunk 2077 ဇာတ်ကားမှာ Keanu Reeves က ပါဝင်သရုပ်ဆောင်လာခဲ့တယ်ဆိုတော့ Keanu Reeves က ကိုယ်တို့ကမ္ဘာမှာ အသက်ရှင်နေတဲ့ အကောင်းဆုံးလူသားတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကို တစ်ကျော့ပြန်ပြီး သတိရဖို့ အချိန်ရောက်ပြီ ထင်ပါတယ်။ Keanu Reeves က John Wick နဲ့ The Matrix လို ဇာတ်ကားတွေမှာ အရမ်းပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကျော်ကြားတဲ့မင်းသားကြီးတစ်လက်ဖြစ်တဲ့အပြင် အပြင်လောကမှာလည်း စိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုပြီး သတင်းမွှေးတဲ့သူပေ့ါ။

တစ်ခါက Keanu Reeves တစ်ယောက် လေယာဉ်စီးပြီး လော့စ်အိန်ဂျလိစ်ကိုသွားတဲ့လမ်းမှာ အရေးပေါ်အခြေအနေတစ်ခုကြောင့် ကယ်လီဖိုးနီးယား Bakersfield မှာ လေယာဉ်ရပ်လိုက်ရတယ်။ ဒါပေမယ့် သူနဲ့တခြားခရီးသည်တွေရဲ့ ခရီးလမ်းဆုံးကိုရောက်အောင် ကိုယ်တိုင်ကိုယ်ကျပါဝင်ကူညီခဲ့တယ်။ Reeves နဲ့ တခြားခရီးသည်တွေက လော့စ်အိန်ဂျလိစ်ကို လေယာဉ်အစား Van စီးပြီးတော့သွားခဲ့ကြတယ်။ ဒါပေမယ့် Van စီးသွားတဲ့ ခရီးလမ်းတစ်လေ ျှာက်မှာ Reeves က ခရီးသည်တွေမပျင်းအောင် Bakersfield နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖတ်ပြတဲ့အပြင် သီချင်းတွေဆိုပြပြီးတော့ စိတ်ညစ်စရာခရီးစဉ်တစ်ခုကို ပျော်စရာဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်က Keanu Reeves က အရာရာကိုအကောင်းဖြစ်အောင်လို့ စွမ်းဆောင်နိုင်တဲ့ ၊ စိတ်ထားကောင်းတဲ့လူသားဖြစ်တယ်ဆိုတာကို ပြတဲ့တစ်ခုတည်းသော အဖြစ်အပျက်မဟုတ်ပါဘူးနော်။ Keanu Reeves က အကောင်းဆုံးလူသားဖြစ်တယ်ဆိုတာကို ပြသနေတဲ့တခြားအဖြစ်အပျက်တွေကတော့  –

ဒုက္ခရောက်ပြီး လမ်းမှာတစ်နေတဲ့ Octavia Spencer ကို ကူညီပေးတဲ့ Keanu Reeves
Academy ဆုရ မင်းသမီး Octavia Spencer တစ်ယောက် မအောင်မြင်သေးခင်မှာ Alabama ကနေ လော့အိန်ဂျလိစ်ကို အနုပညာလမ်းကြောင်း တစိုက်မတ်မတ်လုပ်ဖို့ ပြောင်းလာပြီး သိပ်မကြာသေးခင်မှာပဲ သူ့ရဲ့ပထမဆုံးလူရွေးပွဲကို သွားတဲ့လမ်းမှာ ကားပျက်သွားခဲ့တယ်။ ဖြစ်ချင်တော့ မော်တော်ဆိုင်ကယ်မောင်းလာတဲ့ ယောကျ်ားတစ်ယောက်က ဆိုင်ကယ်ကိုရပ်ပြီးတော့ သူ့ကိုလာကူညီခဲ့တယ်တဲ့။ အဲဒီယောကျ်ားက တိုက်တိုက်ဆိုင်ဆိုင် Keanu Reeves ဖြစ်နေတာ။ Octavia ပြန်ပြောခဲ့တာက ဘယ်သူမှ သူ့ကိုကူညီချင်မှာမဟုတ်လောက်ဘူးတဲ့။ ဘာလို့လဲဆိုတော့ သူ့ကားကို အပင်အောက်တွေမှာ ရပ်ချင်တိုင်းရပ်တာများလို့ ငှက်ချေးတွနဲ့ ပေကျံနေတယ်ပေါ့။ ပြီးတော့သူကဘယ်တော့မှလည်း ကားရေမဆေးဘူးတဲ့။ ဒါပေမယ့် မော်တော်ဆိုင်ကယ်စီးလာတဲ့ Keanu Reeves ရောက်လာခဲ့တယ်။ ဆိုင်ကယ်ဦးထုပ်နဲ့နေကာမျက်မှန်ဝတ်ထားလို့ သူဘယ်သူဆိုတာ စစချင်းမှာ မသိခဲ့ဘူး။ Keanu Reeves ကလည်း “ဟေး အကူအညီလိုလား” ဆိုပြီးတော့ မေးလာတယ်။ ပြီးတော့သူ့ရဲ့ညစ်ပတ်နေတဲ့ကားကို လမ်းဘေးကိုတွန်းသွားတယ်။ အဲဒီအချိန်တုန်းက Octavia လည်းအရမ်းရှက်သွားခဲ့ရတယ်။ သူဝတ်ထားတဲ့အကျီၤကပေါက်နေတဲ့အပြင် အတွင်းခံအကျီၤတွေလည်း မဝတ်ထားဘူးတဲ့။ ဒါကြောင့်ဒီနေ့ဒီအချိန်အထိ Keanu Reeves ရဲ့ ရုပ်ရှင်ရုံတင်တာနဲ့ ရုံတင်တဲ့ ပထမအပတ်တိုင်းကို ကြည့်ဖြစ်အောင် သွားကြည့်တယ်လို့လည်း ပြောခဲ့ပါတယ်။

Keanu Reeves နဲ့ အိမ်ခြေယာမဲ့လူတစ်ယောက်
လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်တုန်းကပေါ့။ သတင်းထောက်တချို့ Keanu Reeves က အိမ်ခြေယာမဲ့လူတစ်ယောက်နဲ့ အတူတူထိုင်ရင်း ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေတဲ့ ဓာတ်ပုံတွေကို အမိအရ ရိုက်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အအေးတွေအတူတူမ ျှသောက်ရင်းနဲ့ မုန့်တွေလည်းစားနေခဲ့ကြတယ်။ Keanu Reeves က အဲဒီအိမ်ယာမဲ့လူရဲ့ဇာတ်လမ်းကိုနားထောင်ဖို့ အချိန်တော်တော်ကြာစကားပြောရင်း နားထောင်နေခဲ့တယ်တဲ့။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ သိပ်တော့များများစားစား ပြောကြတာမရှိပေမယ့် လိုနေတဲ့သူတစ်ယောက်ကို တစ်ဖက်တစ်လမ်းကနေ အချိန်ပေးကူညီတဲ့ Keanu Reeves ရဲ့ လုပ်ရပ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ တော်ရုံတန်ရုံ နာမည်ကြီးတွေဆိုရင် ဒီလိုလုပ်နိုင်မယ်လို့ မထင်ပါဘူး။

Keanu Reeves နဲ့ မိုးစက်များ
အောင်မြင်ကျော်ကြားလာတာနဲ့ သူ့နေရာနဲ့သူတော့ အာဏာလေးတွေရလာတာ သဘာဝပါပဲ။ ဒါပေမယ့် Keanu Reeves က အောင်မြင်မှုကရတဲ့ အာဏာကိုအလွဲသုံးစားလုပ်တဲ့ လူစားထဲမှာမပါပါဘူး။ Daughter of God ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးစီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပါတီပွဲကျင်းပတဲ့ညတစ်ညမှာ လူမှားတဲ့ကမောက်ကမကိစ္စလေးဖြစ်ပြီးတော့ Keanu Reeves ကရှေ့ဆုံးတန်းမှာနေရမယ့်အစား မိုးရေထဲမှာမိနစ် ၂ဝ လောက်စောင့်ခဲ့ရတယ်။ ဒါပေမယ့် သူ့ကိုရှေ့ဆုံးတန်းမှာထားပေးဖို့လည်း မတောင်းဆိုခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရုတ်ရုတ်သဲသဲတွေဖြစ်သွားမှာကို Keanu Reeves က မလိုချင်ခဲ့လို့ဖြစ်တယ်။ ကလပ်ပိုင်ရှင်ကလည်း Keanu Reeves မိုးရေထဲမှာစောင့်နေခဲ့ရတာကို မသိခဲ့ဘူး။ Keanu Reeves က ဘာဆိုဘာမှ စောဒကမတက်ခဲ့လို့ပေါ့။ ဒါတင်မကသေးပါဘူး။ အဲဒီပါတီပွဲအတွင်းမှာပဲ Keanu Reeves က မိုက်နားသွားပြီး သူလူတစ်ယောက်ရဲ့ Credit Card ကိုကောက်ရထားလို့ ပျောက်တဲ့သူ သူ့ဆီကနေ Card ကို ပြန်လာယူဖို့ ပြောခဲ့ပါသေးတယ်။ နာမည်ကြီးတစ်ယောက်အနေနဲ့ သာမန်လူတစ်ယောက်လိုပဲ ပြုမူနေထိုင်တယ်ဆိုတာကို ဒီအဖြစ်အပျက်က ထင်ထင်ရှားရှားပြသနေပါတယ်။

ဒီအဖြစ်အပျက်တွေအပြင် Keanu Reeves က ကင်ဆာရောဂါလေ့လာရေးစင်တာတွေထောင်ပြီး လှူဒါန်းတာတွေ ၊ သူရမယ့်ရုပ်ရှင်ရိုက်ကြေးတွေထဲကနေ ရုပ်ရှင်အဖွဲ့သားတွေအတွက် လက်ဆောင်ဝယ်ပေးတာတွေ ၊ ရုပ်ရှင်ပိုကောင်းအောင် လိုအပ်တဲ့ Effect တွေမှာသုံးဖို့ ပိုက်ဆံစိုက်ပေးတာတွေလိုမျိုး လုပ်ရပ်တွေကြောင့်လည်း စိတ်ကောင်းစေတနာထားပြီး အဆင့်အတန်းမခွဲတဲ့ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ Keanu Reeves က အခုထိလည်းလူချစ်လူခင်ပေါတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေဆဲဖြစ်ပါတယ်။

Source: IGN

Photo Credit: The New Yorker

Piki (Akhayar)